Saturday, January 30, 2016

မကြာမီကာလတွင် ကလေးမြို့ဒေသတစ်ခွင် ၂၄ နာရီ မီးလင်းတော့မည်




The Mirror Daily's photo.


ကလေး ဇန်နဝါရီ ၂၉

သဘာဝဘေးဒဏ်ဟူသည် ကြိုတင်မျှော်မှန်း၍ရနိုင်သော အရာမဟုတ်ခြင်းကြောင့် သဘာဝဘေးဒဏ်ကျရောက်ပြီဆိုသည်နှင့် လူတို့အချိန်ယူ တည်ဆောက်ခဲ့ရသမျှသော အခြေအနေအားလုံးကို အချိန်တိုအတွင်း ပျက်စီးစေနိုင်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့ရာ ကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်းသို့ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၈ ရက်က ရေများဝင်ရောက်ခဲ့သဖြင့် ဒီဇယ်ဓာတ်အားပေးစက်များနှင့် ထရန်စဖော်မာများ ရေနစ်မြုပ်ခဲ့၍ ကလေးမြို့တစ်ခွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ သို့ဖြစ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား အချိန်တိုအတွင်း ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသာမက ဒေသခံများ ရေမကြီးခင်ကာလ အခြေအနေများထက် လျှပ်စစ်ဓာတ်အား ပိုမိုလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းသစ် စီမံကိန်းများကိုလည်း ယခင်ကာလများ ကတည်းက စီမံကိန်းများ ချမှတ်လုပ်ဆောင် ခဲ့ရာ မကြာမီကာလအတွင်း ကလေးမြို့ဒေသ တစ်ခွင်၌ ၂၄ နာရီ မီးလင်းနိုင်တော့မည် ဖြစ်ကြောင်း ကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ယခင်ကာလများက အချိန်ပိုင်းခွဲတမ်း စနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲခဲ့ရသော ကလေးမြို့နယ်တွင် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၈ ရက်မှ စတင်၍ ရေများဝင်ရောက်လွှမ်းမိုးခဲ့ပြီး သြဂုတ်လ လဆန်းပိုင်းမှသာ ရေများပြန်လည် ကျဆင်းခဲ့သဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဌာနအနေဖြင့် နေရာအပြည့်တင်ကျန်ရစ်ခဲ့သော နုန်းများ၊ ရွှံ့များကြားမှ ဓာတ်အားပေးစက်များ၊ အဆောက်အအုံများအား ဆေးကြောပြုပြင်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် ရေနစ်မြုပ်ခဲ့ရသည့် ဓာတ်အားပေးစက်များအား သက်ဆိုင်ရာ ကုမ္ပဏီများမှ လာရောက်စစ်ဆေးပြုပြင်မှုများ ပြုလုပ်ခဲ့သလို ဓာတ်အားဖြန့်ဖြူးပေးနေသည့် ထရန်စဖော်မာများအား နေပြည်တော် (ရုံးချုပ်) Test Lab အဖွဲ့မှ ပြုပြင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြို့ပေါ်ရေနစ်မြုပ်ခဲ့သည့် ရပ်ကွက်များရှိ ဓာတ်အားလိုင်းများအား ပြုပြင်စစ်ဆေးခြင်း၊ မြို့ပေါ် ၁၁ ကေဗွီဓာတ် အားလိုင်း၊ နည်းပညာတက္ကသိုလ်သို့ သွယ်တန်း ထားသည့် ၁၁ ကေဗွီလိုင်းများရှိ ယိုင်နဲ့၊ ပြိုလဲ တိုင်များအား ပြုပြင်အစားထိုးခြင်း၊ ကျီကုန်း တပ်နယ် ၁၁ ကေဗွီလိုင်း၊ ကွန်ပျူတာ တက္ကသိုလ်သို့သွားသည့် ၁၁ ကေဗွီ လိုင်းများ စစ်ဆေးခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့သလို မြို့ပေါ်ရေနစ်မြုပ်ခဲ့သည့် ရပ်ကွက်များတွင်လည်း မီးတစ်ပွင့် ပလပ်တစ်ခုစနစ် တပ်ဆင်ပေးခြင်းလုပ်ငန်းများကိုအုပ်စုခွဲ၍ တစ်ပြိုင်တည်း ဆောက်ရွက်ခဲ့ခြင်း၊ လျှပ်စစ်ဓာတ်အား အချိန်တိုအတွင်း ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၄ဝဝ ဗို့ဓာတ်အား လိုင်းပျက်စီးမှု ပြင်ဆင်ရေး လုပ်ငန်းများအား အစဉ်မပြတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေမကြီးခင်ကာလများက ဇီးချောင်း ရေအားလျှပ်စစ် ၆၃ဝ ကီလိုဝပ်စက်နှစ်လုံး နှင့်လည်းကောင်း၊ ဒီဇယ်ဓာတ်အားဧရိယာ အဖြစ် ၁၂၅ဝ ကေဗွီ၊ ၅ဝဝ ကေဗွီ၊ ၃ဝဝ ကေဗွီစက်များဖြင့် နှစ်ပိုင်းခွဲ၍ ဖြန့်ဝေပေး ခဲ့သော်လည်း ရေလွှမ်းမိုးမှုဖြစ်စဉ်အပြီး ရေအားလျှပ်စစ်ဖြင့် ဓာတ်အားဖြန့်ဝေမှုအပိုင်းမှာ လည်ပတ်နိုင်ခြင်း မရှိတော့သည့်အတွက် ဒီဇယ်ဓာတ်အားပေးစက်များကိုသာ အစားထိုး၍ ဓာတ်အားဖြန့်ဖြူးခဲ့ရသည်။

သို့သော် ယင်းသို့ဓာတ်အားဖြန့်ဖြူးနေမှုသည် ဓာတ်အားရေရှည်ဖြန့်ဖြူးရေးအတွက် အဆင်မပြေခြင်းကြောင့် ၂၃ဝ ကေဗွီ ဂန့်ဂေါ-ကလေးဓာတ်အားလိုင်း (230/66/11 KV/2_50 MVA) ကို ယခုနှစ် ဖေဖော်ဝါရီ ဒုတိယသီတင်းပတ်အပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၆၆ ကေဗွီ ကလေး (GTU)- ကလေး(မြို့တွင်းခွဲရုံ)လိုင်း (66/11 KV/20 MVA) ကိုလည်း ဇန်နဝါရီလ ကုန်အပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''အခုလက်ရှိ ဂန့်ဂေါကနေ ကလေးကို မျှသုံးတဲ့ ဓာတ်အားလိုင်းကို ဆွဲနေပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်နေတာ ၁၂ ဖွဲ့လောက်ရှိပြီး အင်အားကတော့ ၇ဝဝ လောက်ရှိပါတယ်။ စီမံကိန်းညွှန်ကြားရေးမှူးဦးဆောင်ပြီး လုပ်နေတာပါ။ GTU နောက်ဆုံး ၂၃ဝ ခွဲရုံ ကနေ မြို့ထဲခွဲရုံအထိ ၆၆ ကေဗွီ ဓာတ်အားလိုင်းကို ဇန်နဝါရီလကုန်အပြီးလုပ်မှာပါ။ ၂၃ဝ လိုင်းဆွဲခြင်းလုပ်ငန်းက ဖေဖော်ဝါရီ ဒုတိယပတ် လောက်ဆို ပြီးမှာပါ။ ဓာတ်အားလိုင်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ ၁၈ လောက် လုပ်မှာပါ'' ဟု ဓာတ်အားလိုင်းသစ်စီမံကိန်းနှင့် ပတ်သက် ၍ ကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူ ဦးနေထွန်းဝင်းက ရှင်းပြသည်။

ကလေးမြို့ လျှပ်စစ်ဓာတ်အား ပိုမိုရရှိ ရေးအတွက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ၂၃ဝ ကေဗွီ ဂန့်ဂေါ-ကလေးဓာတ်အားလိုင်းမှာ လိုင်းမိုင်ပေါင်း ၆၉ ဒသမ ၅၄ မိုင်ရှိပြီး တာဝါတိုင်ပေါင်း ၂၈၃ တိုင်ရှိကြောင်း၊ ၆၆ ကေဗွီ ကလေး (GTU)-ကလေး (မြို့တွင်းခွဲရုံ) စီမံကိန်းမှာ လိုင်းမိုင်ပေါင်း ၅ ဒသမ ၉၃ မိုင်ရှိပြီး တာဝါတိုင်ပေါင်း ၁၁၆ တိုင်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် ကလေးမြို့ပေါ်တွင် ၂၄ နာရီ မီးပေးနိုင်ရန်အတွက် ပထမအဆင့် အနေဖြင့် တာဝါတိုင် ၂၅ဝ ကို အသစ်လဲလှယ် ပေးနေကြောင်း၊ တိုင် ၂၂ဝ ခန့်ပြီးစီးပြီဖြစ် ကြောင်း၊ ထို့ပြင် စံမမီသည့် ကြိုးများကို လဲလှယ်ရန်အတွက် ရုံးချုပ်ကိုဆက်လက်တင်ပြထားကြောင်း၊ လက်ရှိအသုံးပြုနေသော ကြိုးဆိုဒ်များမှာ ၂၄ နာရီ မီးပေးသည့်အခါတွင် ပြတ်တောက်နိုင်ကြောင်း၊ ထို့ကြောင့် လဲလှယ် ရမည်ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းသစ် ဖွင့်ပြီး ပါက မြို့ပေါ်သို့ ၂၄ နာရီ မီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ စတင်ဓာတ်အားပေးရင်းဖြင့် လိုအပ်သည်များကို ဆက်လက်ပြုပြင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဦးနေထွန်းဝင်း က ဆက်လက်ပြောသည်။

ကလေးမြို့ ရေမကြီးခင်ကာလများက ဇီးချောင်းရေအားလျှပ်စစ် ၆၃ဝ ကီလိုဝပ်စက် နှစ်လုံးဖြင့် မီးပေးသလို ဒီဇယ်ဓာတ်အားပေး စက်သုံးလုံးဖြင့်လည်း နှစ်ပိုင်းခွဲ၍ မီးပေးခဲ့ကြောင်း သိရသည်။

''ရေမကြီးခင်ကာလကတော့ ရေအားလျှပ်စစ်အပြင် ဒီဇယ်ဓာတ်အားစနစ်နဲ့ မီးပေး ခဲ့ပါတယ်။ ဒါပေမယ့် ရေကြီးပြီးတဲ့အခါကျတော့ ရေအားလျှပ်စစ်က မရတော့ဘူးလေ။ အဲဒါကြောင့် မြို့ပေါ်ကို ဒီဇယ်စက်ကိုးလုံးနဲ့ မီးပေးရတယ်။ ဒါပေမယ့် ဇန်နဝါရီ ၈ ရက် မှာ ဇီးချောင်းဓာတ်အားကို စပြီးစမ်းသပ်မောင်း နှင်ကြည့်တယ်။ ၉ ရက်နေ့မှာတော့ လိုအပ်ချက်တွေကို ပြုပြင်ဖြည့်တင်းတယ်။ ၁ဝ ရက် နေ့မှာတော့ ကီလိုဝပ် ၃ဝဝ လောက် စတင်ထုတ်လွှတ်နိုင်ပြီ။ အဲဒီကနေ ပြည်သူ့ဆေးရုံ၊ တပ်မတော်ဆေးရုံနဲ့ အခြားအရေးကြီးတဲ့ နေရာတွေကို မီးပေးတယ်။ ညပိုင်းမှာတော့ ဒီဇယ်စက်နဲ့ပေးတဲ့ ထရန်စဖော်မာရှိတယ်။ အဲဒါက စွမ်းအားပြည့်လည်ပတ်လို့ မရဘူး။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီး ဓာတ်အားပေးရတယ်။ ညဆိုရင် ညနေ ၅ နာရီခွဲကနေ ည ၁ဝ အထိ ပေးတယ်။ မနက် ၅ နာရီကနေ ၆ နာရီထိ တစ်ခါထပ်ပေးတယ်'' ဟု ဦးနေထွန်းဝင်းက ဆိုသည်။

''အခုလက်ရှိကတော့ ညနေ ၅ နာရီ ကျော်လောက်ဆို မီးလာတယ်။ ည ၁ဝ နာရီ ကျော်တာနဲ့ မီးမရတော့ဘူး။ မနက်အစောပိုင်းတော့ တစ်ခါလာသေးတယ်။ လင်းအားကြီးရင်တော့ မီးမရတော့ပါဘူး။ ညပိုင်းလေး မီးလာရင်တော့ တီဗွီကြည့်လို့ရတယ်။ ဖုန်းတွေလည်းတစ်ခါတည်း အားသွင်းထားရတယ်။ မနက်ဆိုရင် မရတော့ဘူးလေ။ ၂၄ နာရီ ဓာတ်အားအပြည့်အဝ ရမယ်ဆိုရင်တော့ ဝမ်းသာရမှာပါ။ အိမ်ထောင်မှုကိစ္စအဝဝ အဆင်ပြေချောမွေ့သွားတာပေါ့။ ထမင်း၊ ဟင်း ချက်တာက အစပါ'ဟု ကလေးမြို့ ပေါ်တွင် နေထိုင်သူ အိမ်ထောင်ရှင်မတစ်ဦးက မှတ်ချက်ပြုသည်။

မည်သို့ဆိုစေ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး၊ ကျေးလက်နှင့် မြို့ပြကွာဟချက် လျော့ကျရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရရှိရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး အစရှိသည်တို့သည် မရှိမဖြစ် လိုအပ်လျက်ရှိရာ ကလေးမြို့ပေါ်ရပ်ကွက်များမှသည် တစ်မြို့နယ်လုံး ၂၄ နာရီ မီးလင်းတော့မည့်အရေးမှာ ဒေသခံများအတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ကြောင်း ...။ ။
သတင်း- ထက်အားမာန်
ဓာတ်ပုံ- ရာမည

No comments:

Post a Comment