Saturday, January 30, 2016

အိုးပိုင်အိမ်ပိုင်မရှိသူများအတွက် မဟာဗန္ဓုလအငှားအိမ်ရာ တည်ဆောက်လျက်ရှိ မိမိအစီအစဉ်လျှောက်လွှာဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်



The Mirror Daily's photo.

လစဉ်ကြေး ကျပ်သုံးသောင်းဖြင့် သန်းခေါင်စာရင်းရှိသူတိုင်း ငှားရမ်းနေထိုင်နိုင်။သတ်မှတ်အခန်း ၁၂ဝဝ ထက် ကျော်လွန်လျှောက်ထားပါက မဲနှိုက်စီစဉ်ပေးသွားမည်။
နေထိုင်ခွင့်ရသူများသည် သတ်မှတ်စည်းကမ်းချက်များဖြင့် အငှားစာချုပ် သီးခြား ချုပ်ဆို ရမည်။
ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်းရှိပြီး မြေကွက်၊ နေအိမ်ခန်း အိုးပိုင်အိမ်ပိုင်မရှိ သူများအနေဖြင့် မဟာဗန္ဓုလအငှားအိမ်ရာ လျှောက်ထားလိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ရိုက်လာရောက်လျှောက် ထားနိုင်ကြောင်း တိုင်းဒေသကြီး သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက မြန်မာ့ သတင်းစဉ်သို့ ယနေ့ပြောကြားလိုက်သည်။
မဟာဗန္ဓုလအငှားအိမ်ရာသည် ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်တွင်တည်ရှိပြီး တစ်ခန်းလျှင် ၅၆၉ ဒသမ ၅ စတုရန်းပေရှိ အခန်းပေါင်း ၁၂ဝဝ ပါဝင်သည်။
''အခုလို တန်ဖိုးနည်း အိမ်ငှားပေးမယ်ဆိုတော့ ကောင်းတာပေါ့။ ကျွန်တော်တို့လို ကျူးကျော်တွေအတွက် ပိုကောင်းတယ်။ ဒါပေမယ့် သန်းခေါင်စာရင်းမရှိတဲ့သူတွေက တော့ သိပ်မထူးပါဘူး။ ဧည့်စာရင်းနဲ့နေတာ ဆိုတော့ လျှောက်လို့မရဘူး။ နယ်ပြန်ပြီး သန်းခေါင်စာရင်းလုပ်ဖို့ ဆိုတာကလည်း သိပ်တော့မလွယ်ပါဘူး။ ဘာပဲပြောပြော အစိုးရ အနေနဲ့ ဒါမျိုးများများ လုပ်ပေးရင်တော့ အိမ်ရှင်၊ အိမ်ငှားဈေးနှုန်း တွေ ကျသွားနိုင်တယ်။ ငွေကြေးအရသင့်တော့ အထောက် အကူတစ်ခုခုတော့ဖြစ်လာမှာပါ''ဟု ဒဂုံဆိပ်ကမ်းမြို့နယ် (၆ဝ) ရပ်ကွက်နေသူ ကိုကျော်ကပြောသည်။
တိုင်းဒေသကြီးဝန်ကြီး ဦးကျော်စိုးက ''ငှားရမ်းနေထိုင် လိုသူ ပြည်သူတွေကို ကျွန်တော်တို့ လျှောက်လွှာလည်း မရောင်းပါဘူး။ လျှောက်လွှာနမူနာပုံစံတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ကြော်ငြာသင်ပုန်းတွေ မှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကပ်ထားပေးမယ်။ အဲဒါကို နမူနာကြည့်ပြီး လက်ရေးနဲ့ပဲလျှောက်လျှောက်၊ ကွန်ပျူတာ စာစီပြီးပဲ လျှောက်လျှောက်၊ မိမိအစီအစဉ်နဲ့ လျှောက်ထား ရပါမယ်။ လျှောက်လွှာကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက် အတွင်း ပြည်လမ်းနဲ့ အလုံလမ်းထောင့် လွှတ်တော်ဝင်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာ လာရောက်လျှောက် ထားနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ကို တိုက်ရိုက်လျှောက်ထားရမှာဖြစ်ပါတယ်''ဟု ပြောသည်။
''အစိုးရက အခုလိုငှားပေးမယ်လို့ကြားတာ ကြာပြီ။ ကျွန်မတို့ကတော့ သွားလျှောက်မယ်။ အိုးပိုင်အိမ်ပိုင် မရှိတဲ့သူတွေက အများကြီးဆိုတော့ သိပ်တော့မလွယ် ပါဘူး။ ဒီအပေါ်မှာ အစိုးရအနေနဲ့ အိုးပိုင်အိမ်ပိုင် ဟုတ်၊ မဟုတ်ဆိုတာကို ဘယ်အချိန်မှာ ဘယ်လိုစစ်ဆေးပြီး ဘယ်လိုစနစ်နဲ့ချသွားပေးမလဲဆိုတာ အရေးကြီးတယ်။ လျှောက်ရမှာက ကျွန်မတို့အလုပ်ပဲ။ ကျတာ မကျတာ ကတော့ ကံတရားပေါ့။ သိပ်တော့ မျှော်မှန်းမထားပါ ဘူး''ဟု ဒဂုံတောင် (၁ဝ၄) ရပ်ကွက်နေသူ ဒေါ်ခင်ထူးက ပြောသည်။
အငှားအိမ်ရာလျှောက်ထားလိုသူများသည် လျှောက် လွှာနှင့်အတူ မြေကွက်၊ နေအိမ်ခန်း ပိုင်ဆိုင်မှုမရှိ ကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းမိတ္တူ၊ မြေကွက်နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပူးတွဲထည့်သွင်းလျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက မြေလွတ်၊ နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း ဌာန ဆိုင်ရာအကြီးအကဲ၏ ထောက်ခံချက်ပါဝင်ရမည်ဖြစ် ကြောင်း၊ အဆိုပါအချက်အလက်နှင့်ကိုက်ညီမှုရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။
''လျှောက်ထားသူ ဦးရေ ၁၂ဝဝ ကျော်ရင် မဲနှိုက်ပေး မယ်။ လစဉ်ငှားရမ်းခကတော့ ၃ဝဝဝဝ ပါ။ နေထိုင်ခွင့် ရတဲ့သူတွေက လိုက်နာရမယ့် သတ်မှတ်စည်းကမ်းချက် တွေ ပါဝင်တဲ့ အငှားစာချုပ်သီးခြားချုပ်ရဦးမှာ ဖြစ်ပါ တယ်''ဟု တိုင်းဒေသကြီးဝန်ကြီး ဦးကျော်စိုးက ပြောသည်။
''လက်ရှိက အိမ်ငှားနေတာပါ။ အစိုးရက သုံးသောင်း နဲ့ ငှားပေးမယ်ဆိုလည်း ရဖို့က ၅ဝ ရာခိုင်နှုန်းလောက် ရှိရင်တော့ သွားလျှောက်ချင်တယ်။ ကိုယ့်အတွက်က ၁ဝ ရာခိုင်နှုန်းတောင်မရှိတော့ အလုပ်ဖျက်ပြီး မသွားချင်ဘူး။ လက်ရှိက ဝမ်းရေးကပိုပြီးအရေးကြီးတယ်။ ဒါကြောင့် မဲစနစ်နဲ့ပေးလည်း ပေါက်မှာမဟုတ်တော့ သွားမလျှောက် တော့ပါဘူး''ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ကိုညီညီက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ပြည်ထောင်စု အစိုးရက ပံ့ပိုးပေးသည့် ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး အတွင်း၌ အမှန်တကယ်မြေကွက်၊ နေအိမ်အခန်းမရှိဘဲ နေရေးအခက်အခဲရှိသည့်ပြည်သူများ မျှမျှတတရရှိရန် အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးက ဆိုသည်။
''လျှောက်လို့ရရင်တော့ လျှောက်ချင်တယ်။ တစ်လ ၃ဝဝဝဝ လောက်က တတ်နိုင်တယ်။ အခုဆိုရင် ကျူးကျော်နေရာမှာ မနေချင်ပေမယ့်လည်း ငွေကြေး မတတ်နိုင်တော့ နေနေရတယ်။ ဘယ်အချိန် လာဖျက် မယ်ဆိုတာလည်း မသိဘူး။ ဖျက်ဖို့ အကြောင်းကြားစာ ပို့ထားတာတွေ ရှိတယ်။ ကျွန်မတို့လို အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေအတွက် ဒီသတင်းကြားရတာ ဝမ်းသာစရာပါ။ သွားလျှောက်ရင်လည်း သန်းခေါင်စာရင်းရှိတဲ့သူတွေ စုပေါင်းပြီးသွားကြမယ်။ မဲစနစ်နဲ့ဆိုတော့ ကံတရားနဲ့ လည်းဆိုင်တယ်။ သွားလျှောက်ရမှာတော့ ကျွန်မတို့ တာဝန်ပါပဲ''ဟု ဒဂုံဆိပ်ကမ်းမြို့နယ် (၆ဝ) ရပ်ကွက်နေ ဒေါ်အေးအေးငြိမ်းက ပြောသည်။
ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့ပီပီ စီးပွားရေးအချက် အချာကျမှုကြောင့် လူနေထူထပ်ခဲ့၍ ကျူးကျော်ပြဿနာ များကို အစိုးရအဆက်ဆက် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
ဖဆပလအစိုးရခေတ်တွင် ပြည်တော်သာအိမ်ရာ စီမံကိန်း၊ အိမ်စောင့်အစိုးရခေတ်တွင် ဖဆပလကျူးကျော် ရပ်ကွက်များကြောင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ နှင့် သာကေတမြို့သစ်စီမံကိန်းများ၊ တော်လှန်ရေး ကောင်စီခေတ်တွင် ကိုယ်တိုင်လုပ်အားပေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သုဝဏ္ဏအငှား အိမ်ရာစီမံကိန်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရခေတ်တွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့သစ် စီမံကိန်းစသည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
မျက်မှောက်ခေတ်တွင်လည်း တစ်နှစ်ထက်တစ်နှစ် လူဦးရေသိပ်သည်းမှုများ ဆက်လက်တိုးပွားလာခဲ့ရာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသ ကြီးတွင် လူဦးရေ ခုနစ်သန်းနှင့် ရန်ကုန်မြို့တွင် လူဦးရေ ငါးသန်းကျော် နေထိုင်လျက်ရှိသည်။
လူဦးရေထူထပ်မှုနှင့်အတူ အိုးပိုင်အိမ်ပိုင်နေထိုင်ရေး အခက်အခဲများလည်း ပိုမိုဖြစ်ပေါ်လာခဲ့သည်။ ယာဉ်ကြော ပိတ်ဆို့မှုနှင့် အစိုးရမြေ ကျူးကျော်နေထိုင်မှုကိစ္စရပ်များ က ရန်ကုန်မြို့၏ ထိပ်တန်းစိန်ခေါ်မှုတွင် ပါဝင်လျက် ရှိသည်။
ထို့ကြောင့် လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ရန်ကုန်မြို့ရှိ ကိုယ်ပိုင်အိမ်ရာမရှိသော မိသားစုများအတွက် ယခု အိမ်ငှားလျှောက်လွှာခေါ်ယူ လျက်ရှိသည့် ရေ၊ မီးအစုံအလင်နှင့် အခန်းပေါင်း ၁၂ဝဝ ပါဝင်သော မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်း၊ ထပ်မံ တည်ဆောက်ရန် ကုမ္ပဏီများကို တင်ဒါစိစစ်ရွေးချယ် ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရမြေ ၁၈၃ ဒသမ ၅ဝ၅ ဧကရှိ အခန်းပေါင်း ၃ဝဝဝ ပါဝင်သော တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကို စိစစ်ဆောင်ရွက်လျက်ရှိသည့် အခန်းပေါင်း ၁ဝဝဝဝ ပါဝင်သော ရန်ကုန်မြို့သစ် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
သတင်းနှင့် ဓာတ်ပုံ
ခင်မောင်ထွေး၊ ဇော်ကြီး(ပဏီတ)

No comments:

Post a Comment