Sunday, January 31, 2016

(31.1.2016) ကြေးမုံစာတည်းရှုထောင့်



ကမ္ဘာမြေကို စောင့်ရှောက်ကြပါစို့

ဤကမ္ဘာတွင် ရာသီဥတုပြောင်းလဲခြင်း၏ စိန်ခေါ်မှုကို အပြင်းအထန် ရင်ဆိုင်နေရသည်။ လက်တွေ့ရင်ဆိုင်ကြုံတွေ့နေကြရသူများမှာ ကမ္ဘာ့ ပြည်သူများပင်ဖြစ်သည်။ နောင်နှစ်ပေါင်းများစွာကာလတွင်   ကမ္ဘာကြီး ပျက်စီးသွားသယောင် ထင်မှတ်ရသည်။ ထို့ကြောင့် ကမ္ဘာမြေမပျှက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်လာသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကမ္ဘာမြေမပျက်စီးစေရေး၊ တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်မယိုယွင်းစေရေး အလေးထား ဆောင်ရွက်နေကြသည်ကိုတွေ့ရသည်။ ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ တားဆီးကာကွယ်ခြင်း စသည်တို့ကို ဆောင်ရွက်နေ သော်လည်း ကမ္ဘာမြေကြီး ဆက်လက်ပျက်ယွင်းနေသည်မှာ အဘယ်ကြောင့် ပါနည်းဆိုသည်ကို အသေအချာ ဝေဖန်သုံးသပ်ဆန်းစစ်သင့်ပြီဟု  ဆိုချင်ပါ သည်။   အလေးထားကာကွယ်စောင့်ရှောက်သင့်သည်ဟုလည်း    ရှုမြင် ပါသည်။
ဤကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ကမ္ဘာသူ ကမ္ဘာ သားများ  ဤကမ္ဘာမြေပေါ်တွင်  ကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက် ဖြစ်သည်။ ဤကမ္ဘာမြေပေါ်တွင်   အသက်ရှည်ချမ်းသာစွာ   နေထိုင်နိုင်ရန် အတွက်ဖြစ်သည်။ လူသားများအတွက် ဤမျှအရေးကြီးသော   ကမ္ဘာမြေ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို     လုပ်ကိုင်ရမည်မှန်သော်လည်း ကိုယ်ကျိုးစီးပွားများကိုရှေးရှုကာ မေ့လျော့နေဟန်တူပေသည်။
ကမ္ဘာမြေ၏ လူသားများကို အကျိုးပြုပုံမှာ  ပြောပြ၍ကုန်မည်မထင်ပါ။ ကမ္ဘာမြေ၏  လူသားအပေါ်တွင်တင်ရှိသည့်  ကျေးဇူးတရားများမှာလည်း ဆပ်၍ပင်ကုန်နိုင်မည်မထင်ပါ။ ထို့ကြောင့် ကမ္ဘာမြေကြီးကို ကန်တော့သည့် လူအချို့ရှိခဲ့ဟန်တူသည်။ ယခုကမ္ဘာမြေကို ကျေးဇူးဆပ်ရန်မဆိုနှင့်၊ ကိုယ်ရပ် တည်နေသော  ကိုယ့်မြေကိုပင်  နင်းချေဖျက်ဆီးနေကြသူများ   များပြားလာ ခဲ့သည်။
ယင်းတို့သည် အတောမသတ်နိုင်သော လောဘဇောများကြောင့်ဖြစ်သည်။ အမှန်တွင် ကမ္ဘာမြေကို မှန်ကန်စွာ အသုံးချနိုင်ပါသည်။ မိခင်နှင့်တူသော ကမ္ဘာမြေကြီးက ခွင့်ပြုပေးထားပါသည်။ မြေပေါ်၊  မြေအောက်  သယံဇာတများ မှာ ကမ္ဘာ့လူသားများအသုံးပြုရန်အတွက်ဖြစ်ပါသည်။ ကမ္ဘာဦးအစမှ ရှေးဦး ကာလများအထိ  ကမ္ဘာမြေကို လူသားများအသုံးပြုခဲ့ကြပါသည်။ ကမ္ဘာမြေ မပျက်စီးခဲ့ပါ။ ယခုအခါ   ကမ္ဘာမြေကို အလွန်အကျွံအသုံးချသောကြောင့် ကမ္ဘာမြေပျက်စီးလာပါပြီ။
ကမ္ဘာမြေကို နည်းမှန်၊ လမ်းမှန်အသုံးချစေချင်ပါသည်။ ကမ္ဘာမြေကို မပျက်စီးအောင် အသုံးချစေလိုပါသည်။ မြေပေါ်သစ်တောနှင့် မြေအောက် သယံဇာတများကို စနစ်တကျအသုံးချနိုင်ပါသည်။   ပြန်လည်ပျိုးထောင်နိုင်ပါသည်။ ကုန်ခန်းသွားနိုင်သော မြေမှဖြစ်သည့် သယံဇာတများနှင့် ကုန်ခန်းမသွား နိုင်သောမြေမှဖြစ်သည့်  သယံဇာတများကို  ခွဲခြားသိမြင်လုပ်ကိုင်သင့် ပါသည်။
လူသားတို့အား     သဘာဝကပေးထားသော      မြေသယံဇာတများ ကို   ပြန်လည်သုံးသပ်ကာ    စနစ်တကျအသုံးချရန်   လိုအပ်နေပါပြီ။ မြေသယံဇာတများ  မပျက်စီးအောင်   ထိထိရောက်ရောက်တားဆီးဖို့ လိုအပ်လာပါပြီ။ သဘာဝပျက်ယွင်းမှုကိုအကြောင်းပြု၍  မြေသယံဇာတများ ကို   အသုံးချရာ၌  လူသားအကျိုးပြုမှုကို  ကန့်သတ်ခွဲခြားဖို့   လိုအပ်လာ ပါသည်။
လူသားများ   မဖြစ်မနေအသုံးပြုသော  မြေသယံဇာတများကို စနစ်တကျထိန်းသိမ်းပြီး ဆက်လက်လုပ်ဆောင်သင့်သည်။  နိုင်ငံအတွက် ဝင်ငွေရသော်လည်း ကမ္ဘာ့လူသားအနည်းစုအတွက် အကျိုးဖြစ်ထွန်းသည့် မြေသယံဇာတအသုံးချမှုများကို ကန့်သတ်တားမြစ်ခြင်း၊ ရပ်ဆိုင်းခြင်းများ လုပ်ဆောင်ရန်   အချိန်ကျရောက်နေပြီဖြစ်ပါသည်။  တည့်တည့်ဆိုရလျှင် တွင်းထွက်သယံဇာတများဖြစ်သည်။ တွင်းထွက်သယံဇာတဆိုရာ၌လည်း လူသားအကျိုးပြု   သယံဇာတများမဟုတ်ဘဲ      လူနည်းစုအကျိုးပြု  ကျောက်မျက်ရတနာတူးဖော်မှုဖြစ်ပါသည်။
သို့ဖြစ်ရာ ဤကမ္ဘာမြေမပျက်စီးစေရေးအတွက် မြေအသုံးချမှုများကို ခွဲခြားသတ်မှတ် သုံးသပ်ဆင်ခြင်၍  အနာဂတ်ကာလတွင် ကမ္ဘာမြေစိုပြည် လှပပြီး ကမ္ဘာသူ၊   ကမ္ဘာသားများ  စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။    ။

No comments:

Post a Comment