Saturday, January 2, 2016

မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် အထောက်အကူပြုမည့်မြို့ကြီးရေလှောင်တမံဘက်စုံစီမံကိန်းကို ပြည်သူများအတွက် ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖွင့်လှစ်ပေးခဲ့





ရွာငံ ဇန်နဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်ရှိ မြို့ကြီးဘက်စုံရေလှောင်တမံစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးဝင်းထွန်း၊ ဒေါက်တာမြင့်အောင်၊ ဦးရဲထွဋ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့နှင့်အတူ ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် မြို့ကြီးဘက်စုံရေလှောင်တမံစီမံကိန်းသို့ ရောက်ရှိကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ၊ ဓနုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ ရေလှောင်တမံဖွင့်ပွဲအခမ်းအနားတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဖွင့်ပွဲအထိမ်းအမှတ်စကား ပြောကြားရာတွင် မြို့ကြီးရေလှောင်တမံဘက်စုံစီမံကိန်းသည် မိမိတို့အစိုးရကာလအတွင်း (၁ဝ)ခုမြောက် အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့သည့် စီမံကိန်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ဇော်ဂျီ ဆည်ရေသောက် ဧရိယာ ဧက ၈၂ဝဝဝ အား စိုက်ပျိုးရေလုံလောက်စွာ ဖြည့်တင်းပေးဝေနိုင်မည်ဖြစ်ပြီး ပူပြင်းခြောက်သွေ့သည့် မိတ္ထီလာ လွင်ပြင်ဒေသအတွင်းရှိ မြေဧရိယာ ဧက ၃၃ဝဝဝ ကို စိုက်ပျိုးရေလုံလောက် စွာပေးဝေနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် တပ်ဆင်အသုံးပြုမည့် ၁၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက် နှစ်လုံးမှ နေ့စဉ်ပို့လွှတ်မည့် လျှပ်စစ် ဓာတ်အားကို ရှမ်းပြည်နယ်နှင့် ဆက်စပ်ဒေသများအား မဟာဓာတ်အားလိုင်းမှတစ်ဆင့် ပို့လွှတ် ဖြန့်ဖြူး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ထူထောင်လာနိုင်ကြမည် ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း များကို လျင်မြန်စွာအကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ် ကာလတွင်နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေရှည်အမျိုးသားရေး အကျိုး စီးပွားကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ဖော်ဆောင်သွားနိုင်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်များအား လက်တွေ့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ဖြစ်ပါကြောင်း။

နိုင်ငံသားအားလုံး၏ ရေရှည်အမျိုးသား အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံတည်ဆောက် အကောင် အထည်ဖော်ခဲ့သည့် ဤဘက်စုံ စီမံကိန်းကြီးအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်တို့က မြို့ကြီးရေလှောင်တမံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စီမံကိန်းတွင်ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြို့ကြီးရေလှောင်တမံ ကမ္ပည်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။

ထို့နောက် မြို့ကြီးရေလှောင်တမံ မုခ်ဦးအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ဦးစဝ်အောင်မြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ နိုင်ငံတော်သမ္မတနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တမံနှင့် ရေယူအဆောက်အအုံ (Power Intake Gate) အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မြို့ကြီးရေလှောင်တမံ ဘက်စုံ စီမံကိန်းသည် ၂ဝဝ၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ အစည်းအဝေး အမှတ်(၁/၂ဝဝ၆)မှ အကောင် အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံနှင့် တည်ဆောက်ပြီး ဇော်ဂျီရေလှောင်တမံတို့မှ ထုတ်လွှတ် သည့်ရေများနှင့် ရေလှောင်တမံ နှစ်ခုအကြား စီးဆင်းလာသည့်ရေများကို စုပေါင်းသိုလှောင်၍ ရေအားလျှပ်စစ် (၃ဝ)မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည်ဖြစ်သည့်အပြင် သိုလှောင်ပြီးရေများကို ကျောက်ဆည် ခရိုင်အတွင်းရှိ ဇော်ဂျီဆည်ရေသောက် ဧရိယာဧက ၈၂ဝဝဝ အား ရေပိုမို ပေးဝေနိုင်မည်ဖြစ်ပြီး ခြောက်သွေ့ ဒေသဖြစ်သည့် မိတ္ထီလာလွင်ပြင်အတွင်းရှိ မြေဧရိယာ ဧက ၃၃ဝဝဝ ကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။

မြို့ကြီး ရေလှောင်တမံသည် အလျား ၂၄၆၁ ပေ၊ အမြင့် ၂၅၈ ပေရှိပြီး မြေသားတမံ(ဇုန်အမျိုးအစား)ဖြစ်သည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး အကျယ် ၂၉၅ ဒသမ ၃ ပေ ဖြစ်သည်။ တမံတွင် ရေလွှဲဥမင်နှင့် ရေအားလျှပ်စစ် ဥမင် တို့ပါဝင်ပြီး ရေအားလျှပ်စစ်ဥမင်မှာ အချင်းပေ ၂ဝ၊ အလျား ၁၆၄၄ ပေ ဖြစ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြို့ကြီးရေလှောင်တမံဘက်စုံ စီမံကိန်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ ကမ္ပည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည် ပက်ဖြန်းပေး သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ရေအားလျှပ်စစ်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မြို့ကြီးရေလှောင်တမံဘက်စုံ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ YMEC ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကွမ်ယူကွန်းနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။

အဆိုပါ ရေအားလျှပ်စစ်စက်ရုံ သည်အလျား ၁၃၅ ပေ၊ အနံ ၈၄ ပေ၊ အမြင့် ၈ ပေရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။ ရေအားလျှပ်စစ်တာဘိုင်မှာ ဖရန့်ဆစ်တာဘိုင် အမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ် တပ်ဆင်အား ၃ဝမဂ္ဂါဝပ်၊ ၁၅ မဂ္ဂါဝပ် နှစ်လုံးဖြင့် တည်ဆောက်ထားသည်။ အဆိုပါ လျှပ်စစ်တာဘိုင်များမှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ၁၃၅ ဒသမ ၇ဝ ကီလိုဝပ် နာရီသန်းပေါင်းထုတ်လွှတ် ပေးနိုင်မည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က မြို့ကြီးဘက်စုံ ရေလှောင်တမံစီမံကိန်း တည်ဆောက်ခဲ့မှု အခြေအနေ၊ လက်ရှိတည်ဆောက်ပြီး ရေလှောင်တမံများကို အထောက်အကူဖြစ် နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းများ၏ အခြေအနေကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် အထောက်အကူပြုမည့် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းကို ပြည်သူများအတွက် ၂ဝ၁၆ ခုနှစ် နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖွင့်လှစ်ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ကျိုင်းခမ်း၊ ဆည်တော်ကြီး ရေကူ၊ မဏိပူရနှင့် အထက်ဗူးရေလှောင်တမံ စီမံကိန်းများသည် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးနစ်မြုပ်မှုဒဏ်မှ ကာကွယ်ရန်ဖြစ်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဓိကကျသည့် ဆည်ရေသောက်စိုက်ပျိုးမြေများကို တိုးချဲ့နိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား တိုးချဲ့ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ဦးစားပေး မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အခြားစီမံကိန်းများကို လျှော့ချပြီး ယခု စီမံကိန်းလေးခုကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာန တာဝန်လွှဲပြောင်းရာတွင်လည်း ယခု စီမံကိန်းများနှင့်ပတ်သက်ပြီး အသေးစိတ်လွှဲပြောင်းရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြို့ကြီးရေလှောင်တမံပုံစံငယ်အား ကြည့်ရှုပြီး တမံရှုရပ်မှ ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment