Saturday, January 2, 2016

2.1.2016...ကြေးမုံ စာတည်းရှုထောင့်



ဘဝသမိုင်းကို အသစ်စိုက်ထူ


၂ဝ၁၆ ခုနှစ်  နှစ်သစ်အစအခါသမယနေ့ရက်မြတ်တွင်   နိုင်ငံသူ နိုင်ငံသားများ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့်အတူ နှစ်သစ်ကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်အပေါင်းတို့က နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာများပြုခဲ့ကြပေသည်။ ထိုသို့ပြုခဲ့ကြရာတွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော်ဘုရားကြီးတို့၏ နှစ်သစ်သြဝါဒ ကထာများမှာ လောကလူသားတို့အတွက်  မှတ်သားလိုက်နာကျင့်သုံးရမည့် အနှစ်ချုပ်များပင်ဖြစ်သည်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက မျက်မှောက်ကာလ လူအပေါင်းတို့ လေးစားလိုက်နာအပ်သည်တို့ကို အကျဉ်းချုပ်မြွက်ကြားခဲ့ခြင်းဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီးက ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးအတွက် မိမိတို့ဘာလုပ်သင့်သည်ကို  အရိပ်အမြွက်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဆရာတော်ဘုရားကြီးတို့၏ မြွက်ကြားချက်များသည် တိုတိုရှင်းရှင်းနှင့် လိုရင်းဖြစ်သော်လည်း အနှစ်အဓိပ္ပာယ်အားဖြင့် များစွာနက်နဲကျယ်ပြန့်လှသည်ကို မြင်တွေ့ရပါသည်။

မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို လိုက်နာကျင့်သုံးအပ်သည့် အဆုံးအမများဖြစ်ပြီး ဘာသာတစ်မျိုး၏ အယူဝါဒမဟုတ်သည်ကိုလည်း သတိပြုသင့်သည်။ ကျွန်ုပ်တို့  ပြည်သူအပေါင်းတို့အနေဖြင့်   လူသားတိုင်းနှင့် သက်ဆိုင်သော ဆရာတော်ဘုရားကြီးတို့၏ မိန့်မှာချက်များနှင့်အညီ ကျင့်ကြံ အားထုတ်သွားကြမည်ဆိုပါက ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသောကောင်းကျိုးများကို ရရှိခံစားပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါသည်။

မျက်မှောက်ကာလတွင် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးမှအစ မည်သည့်ကိစ္စတွင်မဆို အလျင်စလို လက်လွတ်စပယ်ပြောဆိုကြသည်ကို အချို့ နေရာများတွင် တွေ့ရပါသည်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးကိစ္စများမှာ ထိလွယ်ရှလွယ်သဖြင့်    အလျင်စလိုပြောဆိုပြုလုပ်ခြင်း မပြုမိဘဲ ဆိုင်ရာ ဘာသာတရားကို   လေးစားလိုက်နာကာ   ပြောဆိုသင့်ကြောင်း သတိပေးထောက်ပြခဲ့ပါသည်။

မည်သူမဆို မိမိအကျိုးကို ဆောင်ရွက်တိုင်း၊ ဆောင်ရွက်တိုင်းအများအကျိုးကို ထည့်သွင်းစဉ်းစားသင့်ပြီး အများအကျိုးကို ထိခိုက်ပျက်စီးစေနိုင်သည့် ကိုယ်ကျိုးစီးပွားများကို လုံးဝရှောင်ရှား၍ ဆောင်ရွက်ကြသော  နိုင်ငံသားများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်၊ မြန်မာနိုင်ငံ၏ ဂုဏ်ဟိတ်မြင့်မားအောင်    ကျွန်ုပ်တို့အားလုံး  ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနှစ်ဖြစ်စေ၊ အင်္ဂလိပ်နှစ်ဖြစ်စေ  နှစ်တစ်နှစ်ပြောင်း တိုင်းပြောင်းတိုင်း    ထူးထူးထွေထွေ ပြုလုပ်ကြသည်။ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ကြသည်မှာ အစဉ်အလာဖြစ်၍ ဆိုဖွယ်ရာမရှိချေ။ သို့သော် နှစ်တစ်နှစ်သို့ကူးပြောင်းခြင်း၏ အနှစ်သာရကို ထဲထဲဝင်ဝင်သိမြင်ခြင်းက ပိုမိုကောင်းမွန်မည့် သဘောအဓိပ္ပာယ်ကို သီတဂူဆရာတော်ဘုရားကြီးက အရိပ်အမြွက်မြွက်ကြားခဲ့ခြင်းဖြစ်သည်။

နှစ်ပြောင်းခြင်းဆိုသည်မှာ    နှစ်တစ်နှစ်ကုန်ဆုံးသွားခြင်းဖြစ်သည်။ အချိန်ကာလသည် လောကကို ကုန်ဆုံးကျန်ရစ်ခဲ့စေသောကြောင့် လောကအတွင်းမှ လူသတ္တဝါတို့အား တိုက်စားဟောင်းနွမ်းစေခဲ့သည်။ ကုန်ဆုံး သွားသော အတိတ်ကာလတွင် မရေမတွက်နိုင်သော လူသားတို့သည် ပြီးဆုံးခြင်းနိဂုံးဖြင့် တဖြုတ်ဖြုတ်အဆုံးသတ်ခဲ့ကြသည်။   

သို့သော် လူသားတို့အနေဖြင့် လက်ရှိဘဝ၏ အခြေအနေအမျိုးမျိုးတွင်ပင် ကျေနပ်တင်းတိမ်သာယာနေခဲ့ကြသည်မှာ အမှန်ဖြစ်သည်။ ကုန်ဆုံး ခဲ့သော အတိတ်ကာလတွင်   မိမိတို့မည်သည့်အရာများချန်ထားခဲ့သည်။ အနာဂတ်ကာလအတွက် မည်သည့်အရာများ ယူဆောင်သွားသည်တို့ကို များသောအားဖြင့် နက်နက်နဲနဲ   စဉ်းစားတွေးခေါ်ကာ  ဆောင်ရွက်ခဲ့ကြလိမ့်မည်မဟုတ်ချေ။

လောကသံသရာတွင်   အလျဉ်မပြတ်ကျင်လည်ကူးဖြတ်နေရသော လူသားတို့အနေဖြင့် ဆင်းရဲခြင်း အလုံးစုံကင်းပြတ်သည့် မဂ်ဖိုလ်နိဗ္ဗာန်သို့ မကူးဖြတ်နိုင်လျှင်လည်း ယခုဘဝ၊ နောင်တမလွန်ဘဝ ကောင်းမွန်ရေး အတွက် မိမိတို့မည်သို့အကောင်းဆုံးလုပ်ဆောင်ခဲ့သည်တို့ကို မြော်တွေးပြီး မကုန်ဆုံးသေးသောကာလတွင်ပင်  လုပ်ဆောင်သင့်သည်တို့ကို အမြန်ဆုံးလုပ်ဆောင်သွားသင့်သည်ဟု ရှုမြင်ပါသည်။

No comments:

Post a Comment