Saturday, January 2, 2016

အခြေခံလုပ်သားများအတွက် အားထားရသော ဝါးရောင်းဝယ်ရေးလုပ်ငန်း




The Mirror Daily's photo.


မန္တလေး ဇန်နဝါရီ ၁

ဝါးဖြင့်ပြုလုပ်သော ကိရိယာပစ္စည်းများစွာကို မြန်မာနိုင်ငံတွင် များစွာအသုံးပြုလေ့ရှိသည်။ နေအိမ်များ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ဝါးဖြင့်ပြုလုပ် အသုံးပြုလေ့ရှိ သည်။ မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ် (၁၉)လမ်းထိပ်သည် ဝါးအဓိကရောင်းဝယ်သည့် နေရာပင်ဖြစ်သည်။ အခြေခံလုပ်သားများမှာ ဝါးများကိုဝယ်ယူကာ ထရံရက် လုပ်ခြင်း၊ ဝင်းထရံရက်လုပ်ခြင်း၊ ကပ်ရက်လုပ်ခြင်းများနှင့် အခြားနို့အေးချောင်းတုတ်များမှအစ ကောက်ညှင်း ကျည်တောက်များအတွက်ပါ ဝယ်ယူကြသည်။

အချို့ဝါးရောင်းဝယ်သူများမှာ ပုတ်ပြတ်စနစ်ဖြင့် ထရံ၊ ကပ်တို့ကို အငှားရက်ခိုင်းလေ့ရှိသည်။ (၁၉)လမ်း ထိပ်ရှိ ဝါးဖောင်များ၊ ဝါးရောင်းဝယ်ရေးလုပ်ငန်းများသည် အခြေခံလုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းများ ပုံမှန်ရရှိစေသည်။ ဝါးများကို ရွှေလီ၊ မင်းကျောင်းကုန်း၊ ဆင်ကန်းနှင့်အခြားဒေသများမှ ဖောင်များဖြင့်မျှောလေ့ရှိသည်။ ဝါးဖောင်အများစုမှာ မင်းကွန်းတွင် ကပ်လေ့ရှိသည်။မန္တလေးမှ ဝါးရောင်းဝယ်ရေးလုပ်ကိုင်သူများမှာ မင်းကွန်း မှတစ်ဆင့် ဝါးဖောင်များကိုဝယ်ယူကာ တစ်ဆင့်ရောင်းဝယ် ကြကြောင်း သိရသည်။

ဝါးရောင်းဝယ်သူများမှာ ဝါးဖောင်ပေါ်တွင် နေအိမ်ဆောက်ကာ နေထိုင်ရောင်းဝယ်ကြသည်။ ဝါးဖောင် လုပ်ငန်းမှာ ဝါဆို၊ ဝါခေါင်ရေတိုးချိန်တွင် အရောင်းအဝယ် ပါးသော်လည်း ပွင့်လင်းရာသီတွင် အရောင်းအဝယ်ကောင်း ကြသည်။ ဝါးရောင်းဝယ်ရာတွင် ဝါးများကို ရေထဲ၌ပင် ၂၅ လုံးပါ တစ်စွပ်၊ ၅ဝ ပါ တစ်စွပ်နှင့် ဝါးအလုံး ၁ဝဝ ပါ တစ်စွပ်အဖြစ် တစ်ပိုင်တစ်နိုင် ဝယ်ယူရောင်းချကြသည်။ ဝယ်ယူသော ဝါးများကို ကပ်ရက်ခြင်း၊ ဝါးထရံ ရက်လုပ်ခြင်းနှင့် အခြားဝါးနှင့် ပြုလုပ်သည့်ပစ္စည်းများစွာကို ပြုလုပ်ကြသည်။ လက်ရှိကာလတွင် ဝါးအလုံး ၁ဝဝ ပါ တစ်စွပ်လျှင် ငွေကျပ် နှစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ ဝါးကောင်းခြင်း၊ မကောင်းခြင်းအပေါ်မူတည်ကာ ဈေးနှုန်း ကွာခြားကြောင်းနှင့် ပွင့်လင်းရာသီတွင် ဝါးရောင်းဝယ်သူ၊ ဝါးနှင့်ဆက်စပ်ပစ္စည်းပြုလုပ်သူများ အလုပ်ဖြစ်လျက်ရှိကြောင်း သိရသည်။
တိမ်တမန်

No comments:

Post a Comment