Sunday, January 31, 2016

Panasonic မှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ်များလှူဒါန်း


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၃ဝ
မြန်မာနိုင်ငံရှိ လျှပ်စစ်မီး လုံလောက်စွာ မရရှိသေးသော ဒေသများအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ်များအား အရပ်ဘက် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ပုလဲ ကွန်ဒိုရှိ Panasonic အရောင်းပြခန်း၌ ပြုလုပ်ခဲ့သည်။
Panasonic Asia Pacific မြန်မာရုံးခွဲမှ ဌာနေကိုယ်စားလှယ် Mr.Hisakazu Maeda က ''အခုလို လှူဒါန်းတာဟာ Panasonicရဲ့ 100 Thousand Solar Lanterns Project အရ လေးကြိမ်မြောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့သူ တွေဆီက ကောင်းသတင်းတွေကြားရ လို့ဝမ်းသာပါတယ်။ Panasonic အနေနဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ ဒေသတွင်းရှိ ပြည်သူတွေရဲ့ လူမှု ပတ်ဝန်းကျင်တိုးတက်ရေးကို ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်'' ဟု ပြောသည်။
အဆိုပါ Panasonic ၏ 100 Thousand Solar Lanterns Project ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၊ လျှပ်စစ်မီး လုံလောက်စွာမရရှိသေးသော နေရာများ၊ လျှပ်စစ်မီး အရေးတကြီးလိုအပ်သော နေရာများအတွက် ရည်ရွယ်ပြီး ၂ဝ၁၂ ခုနှစ်မှ စတင်လုပ်ဆောင်ကာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့ လှူဒါန်းခဲ့ကြောင်း၊ ကုမ္ပဏီနှစ်(၁ဝဝ) ပြည့် ၂ဝ၁၈ ခုနှစ်အထိ လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၆၈ ရာခိုင်နှုန်းသည် လျှပ်စစ်မီးလုံလောက် စွာမရရှိသေးကြောင်း နိုင်ငံတကာ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း မှတ်တမ်းများအရ သိရသည့်အတွက် Panasonic အနေနှင့် လျှပ်စစ်မီးမရ ရှိသေးသောဒေသများတွင် ကိုယ်ပိုင် နည်းပညာ၊ ကုန်ပစ္စည်းများကို အသုံး ပြု၍ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကဏ္ဍကို ဆိုလာစွမ်းအင်သုံးမီးအိမ်များဖြင့် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်း ပေးသွားနိုင်ရန် ရည်ရွယ်ပြီး လှူဒါန်းကြောင်း သိရသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဒုတိယ အထွေထွေအတွင်း ရေးမှူး ဒေါက်တာ အောင်ကျော်ထွဋ် က''Panasonic ကလှူတဲ့ ဆိုလာမီး အိမ်တွေကို ကျွန်တော်တို့အသင်းက သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဧရာဝတီ တိုင်းဒေသကြီးက ကျောင်းကုန်းနဲ့ ဟင်္သာတ၊ မကွေးတိုင်းဒေသကြီး မှာဆို စေတုတ္တရာ၊ ပွင့်ဖြူမှာရှိတဲ့ အလိုအပ်ဆုံး မိသားစုတွေ၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကို လှူဒါန်းသွားမှာပါ။ဥပမာ ကျောင်းသားတွေများတဲ့ သူတွေ၊ သက်ကြီးရွယ်အိုရှိတဲ့ သူတွေကို လှူဒါန်းမှာဖြစ်လို့ အင်မတန်မှ အကျိုးရှိတဲ့ အလှူဖြစ်ပါတယ်''ဟု ပြောသည်။
အဆိုပါ အခမ်းအနားတွင် Panasonic ကုမ္ပဏီက အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့အား ဆိုလာ မီးအိမ်ပေါင်း ၂၄ဝဝ ပေးအပ်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း ဆိုလာမီး အိမ်ပေါင်း ၉၄၆၄ ခု လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-သီသီမင်း

No comments:

Post a Comment