Wednesday, January 13, 2016

13.1.2016...ကြေးမုံ စာတည်းရှုထောင့်



တိုင်းပြည်ရေရှည်အကျိုးကိုဖော်ဆောင်


ယနေ့သည် မြန်မာနိုင်ငံအတွက် ထူးခြားပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်သည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြေရှင်းမရ နိုင်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ကြီးမားသည့်အောင်မြင်မှုကြီး ဆက်လက်ဖော်ဆောင်နိုင်မည့်နေ့ဖြစ်သည်။

အနာဂတ်မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားရမည့် သမိုင်းဝင်နေ့ တစ်နေ့လည်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးမားဆုံးစုစည်း နိုင်ခဲ့သည့် တိုင်းပြုပြည်ပြုဆောင်ရွက်မှုလည်းဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲနိုင်ရန် လက်နက်ကိုင်ပဋိပက္ခ များကို နိုင်ငံရေးနည်းနှင့်အဖြေရှာနိုင်မည့် ငြိမ်းချမ်းရေးတံခါးဖွင့်လှစ် လိုက်ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ဖြစ်ပေါ်လာရန်အတွက် အခက်အခဲများစွာ၊ အချိန်များစွာ ကျော်ဖြတ်ခဲ့ရသေးသည်။ ဒီမိုကရေစီအစိုးရသစ် နိုင်ငံ့တာဝန်စတင်ယူသည့် အချိန်မှစတင်၍ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေမည့် ညှိနှိုင်းအဖြေရှာနိုင်ရေးလုပ်ငန်းစဉ်ဖြင့် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးအား ငြိမ်းချမ်းရေးခရီးအတွက် ဖိတ်ခေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးရပ်တည် ချက်၊ လိုလားချက်၊ နောက်ခံသမိုင်းကြောင်းများ မတူညီကြသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲစေရန် လက်နက် ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြလိုသည့် တူညီသောဆန္ဒ များရှိကြသည်။ ထိုဆန္ဒနှင့်အညီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။

ထို့နောက် လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ လက်မှတ်ရေးထိုးခဲ့သည့် အနှစ်သာရတွင် လက်မှတ်မရေးထိုးနိုင်သေးသော အဖွဲ့များရှိသော်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ဆွေးနွေးဖက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်၍ အားလုံးအတွက် သမိုင်းဝင်ပေသည်။

စာချုပ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်များထက် ကျော်လွန်သည့် နိုင်ငံရေးသဘောတူညီချက်များကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။ အဓိကအချက်မှာ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ထူထောင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြစ်သည်။

ယခုတစ်ဖန် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့မှုသမိုင်းတစ်လျှောက်တွင် မည်သည့်အခါမျှမရရှိခဲ့ဖူးသည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် ပွင့်လင်းမြင်သာလွတ်လပ်မှုကိုအခြေခံသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို နေပြည်တော်တွင် ငါးရက်တိုင်တိုင် ညှိနှိုင်းဆွေးနွေးနေခြင်းသည် ထူးခြားသည့်အသွင်လက္ခဏာပင်ဖြစ်သည်။

ပို၍ထူးခြားသည်မှာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့်အစိုးရသစ်ထံ အစိုးရတာဝန်များကို လွှဲပြောင်းပေးအပ်မည့် လုပ်ငန်းစဉ်များတွင် အရေးအကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ကို နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကိုရည်မျှော်ကာ လက်ဆင့်ကမ်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောင်တာဝန်ယူမည့်အစိုးရသစ်ကို လွှဲပြောင်းပေးနိုင်ရေးသည် အထူးအရေးကြီးပေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမှ ပေါ်ထွက်လာမည့် ရလဒ်ကောင်းများသည် အနာဂတ်မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော အသီးအပွင့်များဖြစ်၍ ယခုတက်ရောက်ဆွေးနွေးနေကြသော အဖွဲ့အစည်းများအားလုံး တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုအပြည့်အဝဖြင့် ညီညီညွတ်ညွတ်စုစည်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment