Tuesday, December 1, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာ (၁) ရက်တွင် တင်သွင်းမည်




The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၃ဝ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)အား ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေးလုပ်ငန်းဗဟိုဌာန (MPC )၌ နိုဝင်ဘာ ၃ဝ ရက် ကပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ တတိယနေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်မှ ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြမည်ဖြစ်သည်။
''ဝန်ကြီးဦးအောင်မင်းနဲ့ ဒုတိယရှေ့နေချုပ်က မနက်ဖြန်မှာတိုင်းရင်းသားတွေဘက်က NCA ကို လွှတ်တော်မှာတင်သွင်းမယ့်ကိစ္စတွေအတွက် နေပြည်တော်ကို သွားရောက်ဆောင်ရွက်နေပါတယ်''ဟု MPC မှ အထူး အကြံပေး ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)တွင် အခန်း(၇)ခန်းနှင့် အပိုဒ်(၃၃) ပိုဒ် ပါဝင်သည်။ စာချုပ်၏ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲအာမခံချက်များအခန်းတွင် NCA စာချုပ်ကို ''ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြု ချက်ရယူခြင်း'' ဟူ၍ ပါရှိသည်။
NCA စာချုပ်အား လက်မှတ်ရေးထိုးခဲ့သည့် ချင်း အမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက'' NCA စာချုပ်အတိုင်းမနက်ဖြန်မှာ လွှတ်တော်တင်သွင်းပြီးတော့ လွှတ်တော်မှာအတည်ပြုချက်ရယူ မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာကအခု လွှတ်တော်မှာပါဝင်နေတဲ့ လွှတ်တော်အမတ်အားလုံးက ဘယ်နိုင်ငံရေးပါတီပဲ ဖြစ်ပါစေ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သန်း ၅ဝ ကျော်သော လူထုရဲ့အကျိုးကို ရှေးရှုပြီးတော့ သမ္မတကြီးတင်သွင်းတဲ့ ကျွန်တော်တို့ရဲ့ NCA စာချုပ် ကို လွှတ်တော်မှာ ချောချောမောမောအတည်ပြုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်'' ဟု ပြောကြားသည်။
NCA စာချုပ်အား ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပအသိသက်သေများမှ နိုင်ငံတော်သမ္မတအား အသိသက်သေထား၍ လက် မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
NCA စာချုပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သဘောထားနှင့်ပတ်သက်၍ ဦးလှမောင်ရွှေ က''ကျွန်တော်တို့အနေနဲ့ NCA ကိုကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး။ NCA ကို လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နောင်တာဝန်လွှဲပြောင်း ယူမယ့် အစိုးရအဖွဲ့အစည်းတွေ ချောချောမွေ့မွေ့ လုပ်နိုင်ဖို့ဆိုတာကိုပဲ အဓိကထားစဉ်းစားတယ်။ ဒီနေ့ထိ ဆောင်ရွက်နေတာအားလုံးကို NCA သဘောတူထားတဲ့ အဖွဲ့တွေအားလုံးရော၊ လက်မှတ်မထိုးရသေးတဲ့လက်နက် ကိုင်အဖွဲ့အစည်းတွေရော သဘောမတူစရာမရှိပါဘူး''ဟု ပြောကြားသည်။
NCA စာချုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့အပါအဝင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ နှစ်နှစ် ကျော်ကြာ အတူတကွရေးဆွဲခဲ့ကြပြီး ၂ဝ၁၅ ခုနှစ် သြဂုတ် ၇ ရက်တွေင် NCA စာချုပ်မူချောအဖြစ် အတည်ပြု နိုင်ခဲ့သည်။
နိုင်ငံရေးဆွေးနွေးပွဲများစတင်မည့် ဇန်နဝါရီလ မတိုင်မီ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများ နှင့် တိုင်းရင်းသားထိပ်သီးအစည်းအဝေး ကျင်းပလိုကြောင်း ကို ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ''NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက တစ်ဖွဲ့မှာ ထိပ်သီးခေါင်းဆောင်တစ်ဦးစီနဲ့ ရှစ်ဦး စုပေါင်းပြီး Coordination Team ဆိုတာတစ်ခုဖွဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်အဖြစ် ပဒိုကွယ်ထူးဝင်း အပါအဝင် စုစုပေါင်း ကိုးဦးကိုရွေးချယ်ပြီးတော့ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့ အမြဲတမ်းညှိနှိုင်းဆက်သွယ်ဖို့ ဆောင်ရွက်နေ ပါတယ်။ ကျွန်တော်တို့ကတော့ တကယ့်နိုင်ငံရေး ဆွေးနွေးပွဲမစတင်မီမှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေ တွေ့ဆုံနိုင်မယ့် ထိပ်သီးအစည်းအဝေးမျိုးကို လိုလားပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်''ဟု ယနေ့ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်း - ရဲခေါင်ညွန့်၊ မြတ်သန္တာမောင် 
ဓာတ်ပုံ - ဖိုးထောင်

No comments:

Post a Comment