Tuesday, December 1, 2015

ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန် လာရောက်လည်ပတ်သူများဖြင့် စည်ကား




ပြင်ဦးလွင် နိုဝင်ဘာ ၃ဝ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့  ဓာတ်တော် ချိုင့်ရေတံခွန်တွင် လာရောက်လည်ပတ်လေ့လာသူ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။



''ပြည်တွင်းခရီးသွား ဧည့်သည်တွေတင်မကဘူး။ နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း ဓာတ်တော်ချိုင့် ရေတံခွန်ကို လာရောက်လည်ပတ်ကြတယ်။ ဓာတ်တော်ချိုင့် ရေတံခွန်က တောင်ထိပ်ကနေ ရေတံခွန်အရောက် ဆင်းဖို့ခြေကျင်ဆင်းရတာမို့ ပုံမှန်ဆင်းရင် အချိန်တစ်နာရီ လောက်ကြာတယ်။ ပြန်တက်ရင် နှစ်နာရီလောက်ကြာတယ်။ ခရီးက နည်းနည်းလှမ်းပေမယ့် ပြင်ဦးလွင်မှာ အမြင့်ဆုံး ရေတံခွန်ဖြစ်လို့ ရောက်ဖူးအောင် လာကြည့်ကြတဲ့သူများ တယ်''ဟု ဓာတ်တော်ချိုင့်ရေတံခွန်သို့ လာရောက် လည်ပတ်သူများအား အဆင်း၊ အတက် ပစ္စည်းသယ်၊ လူထမ်းသည့် လုပ်ငန်းလုပ်ကိုင်သူ ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။



''ရေတံခွန်ရောက်ရင် အပန်းပြေပြီး မိသားစုနဲ့အပေါင်းအဖော်အလိုက် စုဖွဲ့ ရေဆင်းချိုးကြတာမျိုးလုပ်ကြတာမို့ ပျော်စရာ ကောင်းပါတယ်။ ခြေကျင် အဆင်း၊ အတက် မလုပ်နိုင်သူတွေအတွက် ပုခက်ထမ်းစင်နဲ့ ထမ်းပြီး ပို့ဆောင်ပေးတာမျိုးလည်းရှိတယ်။ ဈေးတော့ နည်းနည်းများတယ်''ဟု ၄င်းက ဆိုသည်။


ပြင်ဦးလွင်မြို့ အနီးစခန်းမှတစ်ဆင့် သွားရောက်ရသည့် ဓာတ်တော်ချိုင့်ရေတံခွန် သည် မန္တလေးတိုင်းဒေသကြီးအတွင်း အမြင့်ဆုံး ရေတံခွန်တစ်ခုဖြစ်ပြီး စနေ၊ တနင်္ဂနွေနှင့် လပြည့်၊ လကွယ်နေ့များတွင် လာရောက် လည်ပတ်သူများပြားပြီး တန်ခူးလနှင့် ကဆုန်လ တို့တွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် များ အများဆုံးလာရောက် အပန်းဖြေလည်ပတ် ကြကြောင်း သိရသည်။


ချမ်းသာ(မိတ္ထီလာ)

No comments:

Post a Comment