Tuesday, December 1, 2015

နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ တတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ



ရန်ကုန် နိုဝင်ဘာ ၃ဝ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) တွင် ဆက်လက်ကျင်းပသည်။

ယနေ့ပြုလုပ်ခဲ့သည့် တတိယနေ့အစည်းအဝေးနှင့်စပ်လျဉ်း၍ MPC မှ အထူးအကြံပေးဖြစ်သူ ဦးလှမောင်ရွှေက''ဒီနေ့ ဆုံးဖြတ်ချက်တစ်ခုက အစု အဖွဲ့တစ်စုဆီကနေ ကိုယ်စားလှယ် သုံးဦးစီက မနက်ဖြန်ကနေစပြီး မူကြမ်းအသေးစိတ်ကိုစတင်ရေးဆွဲပါမယ်။ ဒီဇင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ သုံးရက်တာဆွေးနွေးချက်တွေကို NCA ရဲ့ မူဘောင်အတွင်းကနေ အစုအဖွဲ့သုံးဖွဲ့က ပြန်လည်ပြီး မူကြမ်းရေးသားပါမယ်။ အဲဒါပြီးရင် လာမယ့် ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာ UPDJC မှာပါဝင်တဲ့ ၄၈ ဦးကနေပြီးတော့ စိစစ်ပြီးဆွေးနွေးအတည်ပြုပါမယ်။ ပြီးရင်ကျန်ရှိနေသေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပါမယ်''ဟု ပြောကြားသည်။

ယနေ့ အစည်းအဝေးတွင် ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကြာမြင့် မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)အသေးစိတ် ရေးဆွဲရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ကိုယ်စားလှယ် သုံးဦးအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်းနှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC) မှ စောကျော်ညွန့်တို့အားရွေးချယ်ထားသည်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစု အဖွဲ့မှမူ ကိုယ်စားလှယ်နှစ်ဦးစီသာအတည်ပြု ရွေးချယ်ထားကြပြီး ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်တစ်ဦးစီအား ဒီဇင်ဘာ ၁ ရက်မှသာ အတည် ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်နှင့် MPC ၏ အထူးအကြံပေးဦးလှမောင်ရွှေ၊ နိုင်ငံရေးပါတီအစုအဖွဲ့အတွက် ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)နှင့် ဦးစိုင်းကျော်ညွန့် (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့အား ရွေးချယ်ထားသည်။

သုံးရက်ကြာကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဆွေးနွေးပွဲတွင် မူကြမ်းရေးဆွဲရန် ချမှတ်ထားသည့် အခန်း (၁ဝ) ခန်းသာမက ဆွေးနွေးရမည့် အကြောင်းအရာများကိုပါ သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆွေးနွေးရမည့် အကြောင်းအရာများတွင် ကဏ္ဍ (၆) ခုခွဲခြားထားပြီး နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် မြေယာကိစ္စအထွေထွေဟူ၍ ပါဝင်သည်။

မူကြမ်းရေးဆွဲရေးကော်မတီမှ အသေးစိတ်ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း)အားလာမည့် ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပနိုင်ရန် လျာထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများတွင် အဆုံးအဖြတ် ရယူသွားမည်ဖြစ်သည်။

MPC မှ ဦးလှမောင်ရွှေက '' ရက်ပေါင်း ၆ဝ အတွင်းမှာ အပြီးရေးဆွဲနိုင်ဖို့ တစ်ဆို့နေတာတွေ မရှိတော့ဘူး။ ချောမွေ့ဖို့ပဲရှိတယ်။ ဒါတွေ ပြီးသွားရင်တော့ UPDJC ရဲ့ အထက်က JICM အတည်ပြုပြီးရင် တာဝန်ရှိတဲ့ အစိုးရကိုလွှဲအပ်ပေးဖို့ဆိုတဲ့ အဆင့်တွေရှိမယ်။ လက်ရှိအစိုးရက လက်ခံယူပြီး ရင် NCA စာချုပ်ပါ အချိန်သတ်မှတ်ချက်အတိုင်း ဇန်နဝါရီလ ၁၄ ရက် မကျော်တဲ့ သင့်တော်တဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲခေါ်ယူပေးဖို့ ဆိုတာ တွေရှိမယ်''ဟု သုံးသပ်ပြောကြားသည်။
သတင်း - ရဲခေါင်ညွန့်၊ မြတ်သန္တာမောင် 
ဓာတ်ပုံ - ဖိုးထောင်

No comments:

Post a Comment