Tuesday, December 1, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ Myanmar Egress အဖွဲ့မှ သင်တန်းသား သင်တန်းသူများ လာရောက်လေ့လာ




The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၃ဝ

Myanmar Egress အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၃ဝ တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရှေးဦးစွာ Myanmar Egress အဖွဲ့မှ ဦးတေဇာမျိုးဝင်းက သင်တန်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆိုင်ရာများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် သင်တန်းသားတစ်ဦးက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူဦးရေ၊ ဆန္ဒမဲလာရောက်ပေးသူ ဦးရေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း စနစ်တို့အားမေးမြန်းခဲ့ရာ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်နှင့် ကော်မရှင်ဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ပြည်သူလူထု လက်ထဲရှိ အချုပ်အခြာအာဏာကို လူထုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့စေခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ် အများဆုံးအနိုင်ရရှိသည့် ပါတီအနေဖြင့် အာဏာရပါတီဖြစ်လာပြီး အစိုးရဖွဲ့၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီ၏မူလအခြေခံမူအတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သင်တန်းသားလူငယ်များအနေဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်ယူကြရမည့် ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော်တိုးတက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် ညီညီညွတ်ညွတ်ဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment