Tuesday, December 1, 2015

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၃ဝ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ် မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် ဥပဒေကြမ်း ၃ ခုအား မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး ရေးကိစ္စ ၃ ခုနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်း၊ ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေး၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က သဘောတူညီထားသည့် အမြန်လမ်းမကြီး များဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ လမ်းနှင့်တံတား အသုံးပြုခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေကြမ်းနှင့် လမ်းမကြီးများ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ပေကျင်းကနဦးစာတမ်းကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး နိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပေကျင်းကနဦးစာတမ်းကို မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ - မြန်မာ ၄ နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွား လုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးနှင့် စွမ်းအင်အသုံးချရေးတို့တွင် ဒေသတွင်း အစိုးရများအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ယင်းစာတမ်းတွင် စည်းနှောင်မှုရှိသောအချက်များ ပါဝင်ခြင်းမရှိဘဲ ဆွေးနွေးပွဲ၏ရလဒ်အနေဖြင့် ဆွေးနွေး မှုများကို မှတ်တမ်းတင်၍ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများကို ဖော်ပြခြင်းသာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်နာယကက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသား စီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာ အပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ နိုဝင်ဘာ ၂၄ ရက်က ဆွေးနွေးချက်များအပေါ် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၆ လပတ် အခွန်ကောက်ခံရရှိမှု နှိုင်းယှဉ် ချက်နှင့် ပြည်ပကြွေးမြီကိစ္စရပ်များကို ပြန်လည်ရှင်းလင်း တင်ပြသည်။ (ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ရှင်းလင်းတင်ပြချက်များမှ ပြည်ပကြွေးမြီကိစ္စရပ်များကို သီးခြား ဖော်ပြထားပါသည်။)

ယင်းနောက် ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာ-အစ္စရေး ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက် ရန်အတွက် နားလည်မှုစာချွန်လွှာနှင့် မြန်မာ-အစ္စရေး လုံခြုံမှု အဆင့်အတန်းရှိသော သတင်းအချက်အလက် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တို့တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ဆက်လက်၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ ကြမ်း၏မူနှင့် အခြေခံသဘောအပါအဝင် ရငွေသုံးငွေများ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့က ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် ရငွေ၊ သုံးငွေအပေါ် ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေး ခြင်းမရှိသည့်အတွက် ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘော နှင့်သက်ဆိုင်သည့် အကြောင်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းဆွေးနွေးခြင်းများ ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စတင်ဆောင်ရွက်ရန် လျာထားကြောင်း အသိပေးကြေညာသည်။

ယနေ့အစည်းအဝေးကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရပ်နားလိုက်ပြီး အစည်းအဝေး ဆဋ္ဌမနေ့ကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရန်လျာထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment