Tuesday, December 29, 2015

တိုက်စစ်မှူး မက်ဆီGlobe Soccer ဆုဆွတ်ခူး



ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် တစ်နှစ်တာအကောင်းဆုံးကစားသမားကို ချီးကျူးဂုဏ်ပြု သည့် Globe Soccer ဆုကို ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ဆုပေးပွဲကို ဒူဘိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ အာဂျင် တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းတွင် ပုံမှန် မကစားနိုင်ခဲ့ပေ။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က ဘာစီလိုနာ အသင်း တစ်နှစ်တည်းဖလားသုံးလုံးရရှိခဲ့ရာတွင် တိုက်စစ်မှူး မက်ဆီသည် ၅၈ ဂိုး သွင်းယူနိုင်ခဲ့၍ ယခုဆုကို ဆွတ်ခူး နိုင်ခဲ့သည်။


ဘာစီလိုနာအသင်းသည် ၂ဝ၁၅ ခုနှစ်အတွင်း စပိန်လာလီဂါဖလား၊ စပိန်ကိုပါဒယ်ရေးဖလား၊ ချန်ပီယံ လိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကမ္ဘာ့ကလပ်အသင်းများ ဖလား စသည်ဖြင့် ဆုဖလားငါးလုံးအထိ ဆွတ်ခူးနိုင် ခဲ့ခြင်းကြောင့် အကောင်းဆုံးအသင်းဆု ဆွတ်ခူးရရှိခဲ့သည်။



လီယွန်နယ်မက်ဆီသည် ပြီးခဲ့သည့်နှစ်က Globe Soccer ဆုကို ဆွတ်ခူးထားသည့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန် တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ယခုဆု ရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်တွင် ချီးမြှင့်မည့် ဖီဖာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုလည်း စီရိုနယ်ဒို နှင့် ဘာစီလိုနာကစားဖော်နေမာတို့ကို ကျော်ဖြတ်ကာ ရယူဆွတ်ခူးနိုင်မည့် ကစားသမားအဖြစ် ရေပန်းစားနေသူ ဖြစ်သည်။


ဘယ်လ်ဂျီယံနည်းပြ ဝီမော့သည် ဘာစီလိုနာအသင်း နည်းပြ ဟင်နရီကေးနှင့် အီတလီနည်းပြ အန်တိုနီယို ကွန်တီတို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ပြီး ဘယ်လ်ဂျီယံအသင်းအား ဖီဖာ၏ ကမ္ဘာ့အဆင့်(၁)နေရာသို့ တက်လှမ်းရန်အတွက် လည်း စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းသည် အကောင်းဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ပီယာလိုနှင့် လမ်းပတ်တို့လည်း ကစား သမားဘဝတစ်လျှောက် အကောင်းဆုံးဆုများကို ဆွတ်ခူး ရရှိခဲ့သည်။


(ငွေကြယ်)

No comments:

Post a Comment