Tuesday, December 1, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး




ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းဆီးမှုများနှင့် ပင်လယ်ဖြတ်ကျော် ရာဇဝတ်မှု(မူးယစ်ဆေးဝါး)များကို စစ်ဆေးကာကွယ်တားဆီးနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိ


The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၃ဝ

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီကကျင်းပရာ မေးခွန်း(၃)ခုမေးမြန်းခြင်း၊ အစီရင်ခံ စာ(၂)ခု တင်သွင်းခြင်း၊ ဥပဒေကြမ်း(၄)ခု လက်ခံရရှိ ကြောင်းကြေညာခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ က အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေ(မူကြမ်း)ပေါ်တွင် မည်သည့် ဥပဒေ၊ နည်းဥပဒေများကိုအခြေခံ၍ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မည်သို့လုပ်ကိုင်ခွင့်ပြုနေသည်ကို သိလိုခြင်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက မြန်မာ့ပင်လယ်ရေပြင်အတွင်း ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိကို စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် တပ်မတော်မှ စစ်ဆေးရေးမှူးတာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်တာဝန်ပေးအပ်ထားပြီး ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းဆီးမှုများ နှင့် ပင်လယ်ဖြတ်ကျော် ရာဇဝတ်မှု(မူးယစ်ဆေးဝါး)များကို စစ်ဆေးကာကွယ်တားဆီးနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်း ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိပြီး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူကြမ်းအား လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကော်မတီနှင့် ပြည်သူ့လွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်း ရေယာဉ်များ သတ်မှတ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တရားမဝင်ငါးဖမ်းဆီးမှုများအပေါ် တည်ဆဲမြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေဖြင့်သာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံသားရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပညာရှင် ရေလုပ်သားများ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပါရန် တင်ပြလာပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ သဘောထားတောင်းခံခြင်းအပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ရယူပြီး ငါးဖမ်းရာသီ တစ်ရာသီသာ စမ်းသပ်ခန့်ထားခွင့်ပြုခြင်းဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်း လင်းဖြေကြားသည်။

ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်က ဘီးလင်းမြို့နယ်အတွင်းရှိ မုသင်ကျေးရွာ၊ လိပ်ခုံးကျေးရွာ၊ ညောင်ပလ္လင်ကျေးရွာအုပ်စုများရှိ စိုက်ပျိုးမြေများအား ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကမ်းပတ်တမံများ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ဘီးလင်းမြစ်သည် ပင်လယ် နှင့်ဆက်စပ်နေပြီး ဒီရေအတက်အကျရှိ၍ ဘီးလင်းမြစ် ကမ်းပတ်တာအား ဘီးလင်းမြို့နယ် မုသင်ကျေးရွာမှ ရွှေလှေကျေးရွာအထိ အလျား(၁၃ ဒသမ ၆)မိုင် တည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါကမ်းပတ်တာ တစ်လျှောက်ရှိ ရေနုတ်မြောင်းများနှင့် သဘာဝရိုးချောင်း များပေါ်တွင် ရေထိန်းတံခါးများ၊ ရေထုတ်ပေါက်များ ထည့်သွင်းတည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ကမ်းပတ်တာ တည်ဆောက်ခြင်းသည် လုပ်ငန်းပမာဏကြီးမားပြီး အသေးစိတ်စူးစမ်းလေ့လာမှုများ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်၍ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့က အစီရင်ခံစာများ ဖတ်ကြားတင်ပြကြသည်။ ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း၊ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ကြမ်းတို့ကို လက်ခံရရှိကြောင်း အသိပေးသည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာနက ဘက်စုံပို့ ဆောင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိုတင်သွင်းပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကတင်သွင်းသည့် တိရစ္ဆာန်ဆေးပညာ ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြင်ဆင် ချက်ဖြင့်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
(သတင်းစဉ်)

No comments:

Post a Comment