Tuesday, December 1, 2015

အမျိုးသားလွှတ်တော်အစည်းအဝေး



အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကိုလတ်တလောအတည်ပြုရန် မသင့်သည့်အတွက် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်

The Mirror Daily's photo.


နေပြည်တော် နိုဝင်ဘာ ၃ဝ

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ဥပဒေကြမ်း ၁၂ ခု အစီရင်ခံဖတ်ကြားခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း၊ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုတစ်ခု တင်သွင်းခြင်းတို့ ဆောင်ရွက်သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာသည့် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေကြမ်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေကြမ်း၊ ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာတူးမြောင်း ဥပဒေကြမ်း၊ မြန်မာနိုင်ငံ မီးပြတိုက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာများဖတ်ကြားတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် အစိုးရအောင်ဘာလေထီဥပဒေကြမ်းနှင့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအရ အမျိုးသားလွှတ်တော်က လတ်တလောအတည်ပြုရန် မသင့်သည့်အတွက် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံ တင်ပြသည့် အကျဉ်းထောင်များဥပဒေကြမ်း၊ လက်နက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအရ အမျိုးသားလွှတ်တော်က ခေတ်စနစ်နှင့်ကိုက်ညီသည့် ဥပဒေများအဖြစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။

ထို့နောက် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကျပြီး လူများရာနှင့်ချီ၍ သေဆုံးမှုမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ် စီမံဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဦးခက်ထိန် နန်က အဆိုတင်သွင်းရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ဒီဇင်ဘာ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ (သတင်းစဉ်)

No comments:

Post a Comment