Wednesday, December 2, 2015

လူ့အသက်တစ်ချောင်းကို ရှေးဦးပြုစုခြင်းပညာဖြင့် ကယ်တင်



''ဘယ်သူလဲဟ ဘယ်သူလဲ ဟဲ့.သြော်..ဒုက္ခပါပဲ သွေးတွေလည်း ဗရပွနဲ့'' ဆိုသည့် အသံတွေကား...
နိုဝင်ဘာ ၃ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ် ရိုးမရွာထိပ်နားသို့ ဖြတ်သန်းစဉ် စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းမှ ဆူညံသံများပင်။
အဆိုပါ နေရာသို့ ရွာထဲမှလူများ တစ်ယောက်စ နှစ်ယောက်စ ထွက်လာရာမှ လူစုတစ်စုဖြစ်လာခဲ့လေပြီ။ သို့သော် တချို့က လမ်းမပေါ်ကိုငေးကာ ဆုတောင်းခြင်းပြု နေပြီ။ တချို့ကလည်း လမ်းမပေါ်တွင် အရာတစ်ခုခုကို မျှော်နေသလို တချို့ကလည်း ထိုလူကို စူးစူးစိုက်စိုက် ကြည့်နေကြပြီး ဘာမျှမကူညီနိုင်။
ထိုအဖြစ်အပျက်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများ စွမ်းဆောင်ရည်မြင့်မားရေး ရှေ့လုပ်ငန်းစဉ်များ တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်အတွက် စနစ်တကျရေးဆွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိစဉ် တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
ကျွန်တော်တို့ ငှားစီးလာသော အငှားကားငယ်မှာ လူအများစုဝေးရာအရောက်တွင် ရပ်တန့်လိုက်ပြီး ဆရာ ဦးကျော်ကျော်၊ ကျွန်တော် ကျော်စိုးဦး(မန္တလေး)နှင့် ကိုဝင်းလွင်ထွန်းတို့ပါဝင်သောျြွဃှ ညြေိေူပေြဥဃဗွှနော အဖွဲ့ ကားပေါ်မှဆင်းကာ လဲကျနေသော လူနာ၏အသက် ကယ်တင်နိုင်ဖို့ ကြိုးစားကြသည်။
''အစ်မ ဒါဘာဖြစ်တာလဲဗျ''။ ''ဦးလေး ဘယ်လို ဖြစ်တာလဲ''။ ''မသိပါဘူး ငါ့တူရယ် သူတစ်ယောက်တည်း ဆိုင်ကယ်စီးလာတာ၊ လမ်းဘေးကို ဆိုင်ကယ်မှောက်ပြီး လိမ့်ကျလာတာ၊ ဦးလေးတို့လည်း ဘာဖြစ်တာလဲလို့ ပြေးလာကြည့်တာလေ'' ဟု ရွာမှ ဦးမောင်က ပြောပြသည်။ တစ်ဆက်တည်းပင် အမျိုးသမီးတစ်ဦးက ''ဒီလူက အမူးလွန်ပြီး ဆိုင်ကယ်မောင်းလာရင်း ဒီလိုဖြစ်သွားတာပဲ'' ဟု ဆက်ပြောပြသည်။
လူနာမှာသတိရတစ်ချက် မရတစ်ချက်။ ထိမှုအာရုံအားလုံး သိရှိသည်။ ထို့ကြောင့် သတိရနေသော လူနာ၊ ဦးခေါင်းပိုင်းတချို့နေရာက ပျော့နေပြီ။ တချို့နေရာက ဘုထနေသလို ဖြစ်နေသည်။ ဦးခေါင်းဒဏ်ရာဟု ကျွန်တော် တို့ယူဆမှတ်တမ်းတင်မိပြီး ဆက်လက်စမ်းသပ်ရာ လည်ဆစ်ရိုး ခုနစ်ရိုး ဘာမျှ မထိခိုက် ၊ လက်တွင်ထိခိုက်ဒဏ်ရာ၊ ရင်အုံတွင် ပွန်းပဲ့ဒဏ်ရာ၊ တင်ပဆုံကွင်း ဘာမျှမဖြစ်။ စိတ်မကောင်းစရာ ခြေထောက်ပိုင်းတွင် ညာဘက်ခြေသန်းသည်ကား ပြတ်သွားပြီး ပြတ်သွားသော ခြေသန်းအား ရှာမတွေ့နိုင်တော့၊ ပြတ်သွားသည့် ခြေသန်းလေးသာရှာတွေ့နိုင်ခဲ့လျှင် စနစ်တကျရှေးဦးပြုစုပြီး ခြောက်နာရီအတွင်း ဆေးရုံပို့လျှင် ပြန်ဆက်နိုင်မည်ဖြစ်သော်လည်း ဖုန်အနည်းငယ်ထူသောနေရာတွင် ရှာဖွေရမလွယ်။ လူနာ၏ အသက်တစ်ချောင်းကို အချိန်မီကယ်တင်ရမည်ဖြစ်ရာ လူနာကိုပင ဂရုတစိုက် စနစ်တကျပြုစုဖို့ မှတစ်ပါး၊ အချိန်မီဆေးရုံဆေးခန်း ပို့ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ အကယ်၍သာ လူထုသည် ပြတ်သွားသော ခြေချောင်းလေးကို ပြန်လည်ဆက်ပေးနိုင်မည်ဟူသည့် ရှေးဦးပြုစုခြင်း နည်းပညာသာ တတ်သိနားလည်ခဲ့ပါလျှင် အဆိုပါခြေသန်းကို သူတို့ရှာဖွေပြီး ကျန်သောဒဏ်ရာတွေလည်း ပြုစုထားလျှင် ကျွန်တော်တို့ ဆေးရုံ လိုက်ပို့ရုံမျှဖြင့် ပိုမိုပြီး ကောင်းမွန်မည်။ ယခုတွင်ကား ထိုသို့မဟုတ်၊ လူထုသည် ရှေးဦးပြုစုခြင်းအသိပညာ ဗဟုသုတ မရှိသောကြောင့် လူနာကိုဝိုင်းအုံကြည့်နေရုံမျှ၊ ကျွန်တော်တို့ရောက်ချိန်ထိ ဘာမျှမပြုစုထားနိုင်ခဲ့ပေ။ ကျွန်တော်တို့ရောက်မှ လူနာစမ်းသပ်ခြင်းမှသည် ဒဏ်ရာအားလုံးပြုစု၊ လူနာအကြောင်းအထိ ရေးသားပြုစုခဲ့နိုင်ပြီး စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့သည်။
လူနာစမ်းသပ်အပြီး ပြတ်သွားသော ခြေသန်းတုံးတိပြတ်ဒဏ်ရာအပါအဝင် ဒဏ်ရာများကို သက်ဆိုင်ရာရှေးဦးပြုစုခြင်းများပြုလုပ်အပြီး လူနာ၏အစ်မ ဖြစ်သူရောက်လာရာ လူနာအကြောင်းကို စစ်မေးသည်။ နွားထိုးကြီးမြို့နယ် ရိုးမရွာမှ ဦးမိုးညွန့် -ဒေါ်ဝင်းတို့၏ သား အသက်(၂၈)နှစ်ခန့် ကိုညီညီထွန်း ဖြစ်နေပေသည်။ စတင်တွေ့ချိန်မှ ကျွန်တော်တို့ပြုစုထားသမျှ လူနာအကြောင်းတို့ကို ကောင်းစွာရေးသားလျက် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးပြည်သူ့ ဆေးရုံကြီးသို့ စနစ်တကျဆေးကုသမှုရရှိရေးအတွက် ကောင်းမွန်စွာလွှဲပြောင်း ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရှေးဦးပြုစုခြင်းအတတ်ပညာများဖြင့် အသက်တစ်ချောင်းမှသည် အသက်ပေါင်းများစွာကို ကူညီကယ်တင်နိုင်ခဲ့သည်။
ခြေသန်းပြတ်လို့ သွေးတွေဗရပွ၊ ဦးခေါင်းတွင်ကား Head Injury၊ ရင်အုံတွင်လည်းပွန်းပဲ့ဒဏ်ရာကြောင့် သွေးများစိမ့်လို့ထွက်၊ လက်ခြေတို့ကား ဒဏ်ရာများစွာ၊ သွားလာရန်ယာဉ်ကရှားပါးချိန်၊ ဆေးရုံဆေးခန်းသည်ကားဝေးလို့၊ အကယ်၍သာ ကျွန်တော်တို့ကားနဲ့မဆုံခဲ့သည်ရှိသော် မတွေးဝံ့စရာပင်။ ဘေးဒုက္ခကျရောက်သူ၊ ဘေးအန္တရာယ်ကျရောက်သူတို့အတွက် အဆိုပါ ဘေးဒုက္ခ၊ ဘေးအန္တရာယ်ကျရောက်သည့် မတော်တဆမှုဖြစ်သောနေရာဒေသရှိ လူထုသည်သာလျှင် အသက်တစ်ချောင်းကို ဦးစွာကယ်တင်နိုင်မည့် အကောင်းဆုံးသော ရှေးဦးပြုစုသူများပင်ဖြစ်သည်။ ထိုသို့ ပြုစုရေးအတွက် လူထုအားလုံးသည် ရှေးဦးပြုစုခြင်းပညာများကို လေ့လာသင်ကြားတတ်မြောက်ထားရန် လိုအပ်သည်။
ရှေးဦးပြုစုခြင်းပညာများ လူတိုင်းတတ်မြောက်စေရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှေးဦးပြုစုခြင်း သင်တန်းများ အနယ်နယ်အရပ်ရပ်၌ ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးသင့်သည်။ ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်လိုသောသူများ၊ အဖွဲ့အစည်း များကလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲများတွင် အကူအညီတောင်းခံနိုင် မည်ဖြစ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများစွမ်းဆောင် ရည်မြင့်မားရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏လမ်းညွှန်မှု၊ မန္တလေး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေး ဆန်းစစ်လေ့လာညှိနှိုင်းရေးအဖွဲ့ (Branch Organization Development Assessment MRCS, Mandalay Team)(MRCS, Mdy BOCA Team) သည် အကောင်းဆုံးသော ရှေးဦးပြုစုရေးလုပ်ငန်း ဦးဆောင်သူများ ပင်ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် လူထုအားလုံး သည် ရှေးဦးပြုစုခြင်းပညာများကို လေ့လာသင်ကြားသင့်သော အချိန်အခါ ပင်ဖြစ်ပါကြောင်း ဖြစ်ရပ်မှန်သတင်းဆောင်းပါးလေးနှင့် ပညာပေးမျှဝေမိပါသည်။
သင်သည် သဘာဝတရား အရာရာကို သတိမမူလျှင်၊ သတိမကပ်လျှင် သဘာဝပတ်ဝန်းကျင်သည်ကား သင့်အားဒုက္ခပေးတတ်သည်။ အဘယ်ကြောင့် ဆိုသော် လူတိုင်းသည် ဘေးအန္တရာယ်ကျရောက်လွယ်သူများဖြစ်သော ကြောင့်ပင်တည်( Every one is Venerable )/ ။ ။
(ဤစာမူမှာ စာရေးသူ၏ ဖြစ်ရပ်မှန်သတင်းဆောင်းပါးဖြစ်ပါသည်)

No comments:

Post a Comment