Wednesday, December 2, 2015

ရန်ကုန် - ပြည် အမြန်ရထားနှင့် လိုက်ထရပ်ယာဉ် တိုက်မိ




သာယာဝတီ ဒီဇင်ဘာ ၁


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ ရထားနှင့် လိုက်ထရပ်ယာဉ်တို့တိုက်မိမှု နိုဝင်ဘာ ၃ဝ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ နယ် သုံးဆယ်မြို့မဘူတာနှင့် သာယာဝတီဘူတာ အကြား မိုင်တိုင်အမှတ်(၆၇/၇-၉)ကြားတွင် အနောက် ဘက်ခြမ်း သုံးဆယ်မြို့ ဆရာစံမြို့သစ်ရပ်ကွက်မှ သုံးဆယ်မြို့မကျီးကုန်းရပ်ကွက်ဆီ သံလမ်းကူးပေါ်သို့ ဖြတ်မောင်းလာသောYGN E/-----လိုက်ထရပ် ယာဉ်နှင့် ရထားတို့ နိုဝင်ဘာ ၃ဝ ရက် ညနေ ၄ နာရီခွဲ ခန့်က တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် လိုက်ထရပ်ယာဉ် တိမ်းမှောက်ကာ ရထားလမ်း အရှေ့ဘက်ခြမ်းသို့ ပက်လက်လန်သွားခဲ့ပြီး သုံးဆယ်မြို့မ ကျီးကုန်းအတွင်း လမ်းနေ ယာဉ်မောင်း ထွန်းထွန်းနိုင် (၄၂)နှစ်၊ သင်္ကန်းကုန်းရပ်ကွက်နေ ယာဉ်နောက်လိုက် ဦးကျော်သူရ (၂၈) နှစ်တို့တွင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သည်။


ထို့အတူလိုက်ထရပ်ယာဉ်ပေါ်တွင်လိုက်ပါလာသူ သုံးဆယ်မြို့ သင်္ကန်းကုန်းရပ်ကွက်နေ မသန်း သန်းလှ (၂၇)နှစ်၊ ဦးရဲထွဋ်လင်း (၃၁)နှစ်၊ မချစ်ဇူလိုင် (၂ နှစ် ၆လ)၊ မစိုင်းစိုင်းတုံ (၄နှစ်)တို့တွင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်သာယာဝတီပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ရထားမှာ စက်ခေါင်း ရှေ့မီးလုံးကွဲပြီး ဆီကလစ်ပိုက်ကွဲ၊ လေပိုက်ဆော့ကက် ပျက်စီးသွားကြောင်း၊ ပျက်စီးမှုများပြုပြင်ပြီးနောက် ရထားမှာ ပြည်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ထရပ်ယာဉ်မောင်း ထွန်းထွန်းနိုင်အား သုံးဆယ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


သန့်ဇော်(ပြန်/ဆက်)

No comments:

Post a Comment