Wednesday, December 2, 2015

မင်းသား နေတိုးနှင့် ရုပ်ရှင်ရိုက်ကူးမည့်ဗီယက်နမ်အလှမယ်မင်းသမီး ငုရင်ထရန်ဟုရန်မေ




မြန်မာပြည်နှင့် အနုပညာမိတ်ဆက်ရန် ရောက်ရှိ
===============================


ရန်ကုန် ဒီဇင်ဘာ ၁


လူမှုကွန်ရက်စာမျက်နှာတွင် အလှဓာတ်ပုံ များကြောင့် မြန်မာပရိသတ်များနှင့် ရင်းနှီးခဲ့သည့် ဗီယက်နမ်အလှမယ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် မြန်မာနိုင်ငံတွင် အနုပညာလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့ ညနေ ၆ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ရောက်ရှိရာတွင် ဗီယက်နမ်- မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာပရိသတ်များနှင့် မြန်မာအလှမယ်များ က ကြိုဆိုကြသည်။


''ညီမတို့က Miss အချင်းချင်းတွေဖြစ်တဲ့ အပြင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာက မင်းသမီးအလှမယ် တစ်ယောက်လာပြီး လေ့လာတာတွေ့လို့ လည်း ဝမ်းသာပါတယ်။ ဒီက နာမည်ကြီးသရုပ်ဆောင်မင်းသား ကိုနေတိုးနဲ့လည်း တွဲဖက်သရုပ်ဆောင်မယ်လို့ လည်းသိထားပါတယ်'' ဟု Miss Universe Myanmar 2014 ဆုရှင် သျှားထွဋ်အိန္ဒြာက ပြောသည်။


ငုရင်ထရန်ဟုရန်မေသည် ဗီယက်နမ်နိုင်ငံ၏ Miss Vietnam 2014 တွင်1 st Runner Up ဆုရရှိထားကြောင်း သိရသည်။ ယခုမြန်မာ နိုင်ငံခရီးစဉ်တွင် တစ်ရက်တာလာရောက် လည်ပတ်ခြင်းဖြစ်ကာ နောက်တစ်နေ့ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်မည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် သတင်း မီဒီယာများနှင့်တွေ့ဆုံကာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ညနေ ၅နာရီတွင် မြန်မာပြည်မှပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


၂ဝ၁၆ ခုနှစ်ဖေဖော်ဝါရီလကုန်တွင် ပြန်လည် ရောက်ရှိလာမည်ဖြစ်ကာ မြန်မာသရုပ်ဆောင် မင်းသား နေတိုးနှင့် တွဲဖက်ပြီး ရုပ်ရှင်ရိုက် ကူးသွားမည်ဖြစ်ကြောင်း သိရသည်။



သတင်း - မြတ်စန္ဒီ ၊ ဓာတ်ပုံ - လှမိုး

No comments:

Post a Comment