Tuesday, December 1, 2015

အာဖရိကတစ်နှစ်တာအကောင်းဆုံးဆု ဆန်ခါတင်ကစားသမားငါးဦး ထုတ်ပြန်




ဘီဘီစီ၏ ၂ဝ၁၅ ခုနှစ် အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ရွေးချယ်ထားသည့် ကစားသမားငါးဦးစာရင်းကို တောင် အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ် ရုပ်မြင်သံကြားမှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။


အဆိုပါကစားသမားငါးဦးစာရင်းတွင် ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ အာဖရိကအကောင်းဆုံးကစားသမားဆုရှင် အယ်လ်ဂျီးရီးယားနှင့် ပေါ်တိုတောင်ပံကစားသမား ဘရာဟီမီ၊ ဂါဘွန်နှင့် ဒေါ့မွန်တိုက်စစ်မှူး အော့ဘာမေယန်၊ ဂါနာနှင့် ဆွမ်ဆီးတိုက်စစ်မှူး အန်ဒရီး၊ ဆီနီဂေါနှင့် ဆောက်သမ်တန်တောင်ပံကစားသမား ဆာဒီယိုမာနီနှင့် အိုင်ဗရီကို့စ်နှင့် မန်စီးတီးကွင်းလယ်ကစားသမားယာယာ တိုရေးတို့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။


၂ဝ၁၅ ခုနှစ် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အာဖရိကဘောလုံးပရိသတ်များက ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိသူအမည်ကို ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာသွားမည်ဖြစ်ပြီး ဘီဘီစီ၏World News နှင့်World Service တို့မှ အထူးအစီအစဉ်အဖြစ် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် ဘီဘီစီအားကစား ဝက်ဘ်ဆိုက်နှင့် ဘီဘီစီ အာဖရိကဝက်ဘ်ဆိုက်တို့က လည်း
ထပ်ဆင့်လွှင့်ပုံစံဖြင့် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ထားခဲ့သည့် ဆန်ခါတင်ကစားသမား ငါးဦးအနက် သုံးဦးကို အာဖရိကနိုင်ငံပေါင်း ၄၆ နိုင်ငံမှ သတင်းစာပညာရှင်များက မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။အဆိုပါဆုကို ဘရာဟီမီသည် ၂ဝ၁၄ ခုနှစ်က လည်းကောင်း၊ ယာယာတိုရေးသည် ၂ဝ၁၃ ခုနှစ်က လည်းကောင်း၊ အန်ဒရီးအေးရီးသည် ၂ဝ၁၁ ခုနှစ်က လည်းကောင်း အသီးသီးရရှိထားကြကြောင်း သိရသည်။ အော့ဘာမေယန်သည် ဆန်ခါတင်ကစားသမားအဖြစ် သုံးနှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ဆာဒီယိုမာနီမှာမူ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။


(ငွေကြယ်)

No comments:

Post a Comment