Wednesday, December 2, 2015

နောင်အစိုးရတက်လာသည့်အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်အောင် အုတ်မြစ်ချရေးဆွေးနွေး



နေပြည်တော် ဒီဇင်ဘာ ၁
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အစီအစဉ် ၁၂ ခုဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့များနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့များအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်မှု ပိုမိုခိုင်မာရေး သဘောတူစာချွန်လွှာကို မြန်မာနိုင်ငံ က ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ယခုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် (အာဆီယံ + ၃)နိုင်ငံများအကြား စွမ်းဆောင်မှုနှင့် ပြိုင်ဆိုင်မှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင် ပြီး ခရီးသွားလုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဖြစ်ပေါ်လျက်ရှိသော ကန့်သတ်ချက်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် အာဆီယံအား ကမ္ဘာ့အဆင့်မီစံနှုန်းများ၊ ထောက်ပံ့မှုများ၊ ဆွဲဆောင်မှုများဖြင့် ပြည့်စုံသည့် တစ်ခု တည်းသော ခရီးစဉ်ဒေသအဖြစ် ဖွံ့ဖြိုးမှုနှင့်မြှင့်တင်မှုများ ကို ဆောင်ရွက်နိုင်ခြင်း၊ (အာဆီယံ + ၃) ဒေသအတွင်း ခရီးသွားလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အထောက် အပံ့များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ချဲ့ထွင်ခြင်းများဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုနယ်ပယ်အတွင်း အပြန်အလှန် အထောက်အကူပြုမှုများ မြှင့်တင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူညီချက်(NCA)ကို ညှိနှိုင်းရာတွင် အပစ် အခတ်ရပ်စဲရေးခိုင်မာစေရေး၊ အာမခံချက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် နောင်အစိုးရတက်လာသည့်အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်အောင် အုတ်မြစ်ချ ရေး စသည့်ရည်ရွယ်ချက် ၃ ခုကို အခြေခံခဲ့ပါကြောင်း။
အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်ဆောင်ရွက်နိုင် ရန် နှစ်ဖက်လိုက်နာရမည့် အချက်များ၊ ပြည်သူလူထုကို အကာအကွယ်ပေးရမည့် အချက်များကို NCA ထဲတွင် အသေးစိတ် ထည့်ရေးထားပါကြောင်း၊ ယင်းအချက်များကို အကောင်အထည်ဖော်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်း အကောင်အထည်ဖော်ရမည်ဟု နှစ်ဖက်သဘောတူခဲ့ ပါကြောင်း။
အာမခံချက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အဓိကကျသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရက်ပေါင်း ၆ဝ အတွင်း ရေးဆွဲရန်ကိုလည်း သဘောတူခဲ့ပါကြောင်း၊ ယင်းမူဘောင်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ စုဖွဲ့မှုကို ပြုလုပ်ရန် သဘောတူညီခဲ့ပါကြောင်း။
NCA ထဲတွင် သဘောတူထားခဲ့သည့် အချက်တစ်ခုမှာ ယင်းစာချုပ်ကို လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက်ရယူရန်ဖြစ်ပါကြောင်း၊NCAစာချုပ်ကို အတည်ပြုနိုင်ခြင်းနှင့် စာချုပ်ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုသည် ဆက်စပ်သက်ဆိုင်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိထိရောက်ရောက်ဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စု လွှတ်တော်အနေဖြင့် NCA ကို အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း။
နောင်အစိုးရတက်လာသည့်အခါတွင်လည်း NCA ထဲတွင် ချမှတ် ထားသည့် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကို ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရန်အတွက် စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများကို ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ ဃြဗ ပါအချက်များသည် အခြေခံကျောရိုးကို ပြောထား ခြင်းဖြစ်သည့်အတွက် နောင်တက်လာမည့် အစိုးရအနေဖြင့် အသေးစိတ်မူဝါဒ များကို လိုအပ်သလို ချမှတ်ဖြည့်စွက်သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြသည်။
အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်အတွက် အခွန်ကောက်ခံရရှိမှုအခြေအနေ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ယစ်မျိုးအခွန်၊ သွင်းကုန်လိုင်စင် အခွန်၊ သယ်ယူပို့ဆောင်ရေးအခွန်၊ တံဆိပ်ခေါင်းရောင်းရငွေ၊ မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊ အင်းအိုင်အခွန်၊ သစ်တောပစ္စည်းထုတ်ယူသည့် ကောက်ခံ အခွန်၊ ဓာတ်သတ္တုနှင့် ရတနာအခွန်များကို ခန့်မှန်းလျာထားရာတွင် လျှော့၍ လျာထားသည့်အတွက် တိုးမြှင့်ကောက်ခံသင့်ပါကြောင်း ဆွေးနွေးသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က လျာထားချက်မပြည့်မီသည့် အခွန် များနှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်မှုရှိပြီး မှန်မှန်ကန်ကန်မျှမျှတတ ဝေဖန်သုံးသပ်နိုင်မှသာ အခွန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကာလတွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ် များကို နိုင်ငံတော်က ကောက်ခံရရှိသည့် အခွန်ငွေအပေါ် ရပ်တည်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သည့် အခွန်များ တိုးတက် ရရှိရေးသည် အရေးကြီးပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အခွန် ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြည်သူလူထုလိုက်နာ ဆောင်ရွက်နိုင်မည့် ပွင့်လင်းမြင်သာပြီး ရှင်းလင်းလွယ်ကူသည့် အခွန်စနစ် ပေါ်ထွန်းရေးကြိုးပမ်းဆောင်ရွက်နေမှုအား ကြိုဆိုပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး၊ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တို့က ဝန်ကြီးဌာနအလိုက် ပထမခြောက်လပတ်တွင် မူလလျာထားချက်ထက် အခွန်ပိုမိုကောက်ခံရရှိခဲ့သည့် အခြေအနေများနှင့် မူလလျာထားချက်အောက် အခွန်လျော့နည်းကောက်ခံရရှိခဲ့ရသည့် အခြေအနေများကို ပြန်လည်ရှင်းလင်း တင်ပြကြသည်။ (ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာ ရေးနှစ် ပထမခြောက်လပတ်အတွက် အခွန်ကောက်ခံရရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များကို စာမျက်နှာ(၅)တွင် ဖော်ပြထားပါသည်။)
ယင်းနောက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်အတွက် အခွန်ကောက်ခံရရှိမှု အခြေအနေတင်ပြချက်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ ရှင်းလင်း တင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့သတ္တုတွင်း ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးနေဝင်းထွန်းက ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယနေ့အစည်းအဝေးကို ညနေ ၃ နာရီ မိနစ် ၄ဝ တွင် ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရန် လျာထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment