Wednesday, December 2, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး




နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအစီရင်ခံစာကို သဘောတူလက်ခံရန် အတည်ပြုချက်ရယူ
နေပြည်တော် ဒီဇင်ဘာ ၁
ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ ရေဝေရေလဲ ဒေသအုပ်ချုပ်မှုလုပ်ငန်းများ ပီပီပြင်ပြင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ စီမံဆောင်ရွက်လုပ်ကိုင်နေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်က နိုင်ငံတော်အတွင်း အရေးကြီးသည့် ရေဝေ ရေလဲဒေသများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၁၉၉၅ ခုနှစ်မှစတင်၍ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနတစ်ခုကို သစ်တောဦးစီးဌာနအောက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။
ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်းကို နိုင်ငံတစ်ဝန်း တွင် ကျင့်သုံးရန်အတွက် အခြေခံလိုအပ်သော အမျိုးသားအဆင့် မြေမူဝါဒ(National Landuse Policy) ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင် ရွက်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနများ၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက စီမံအုပ်ချုပ်လျက်ရှိသည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများသာမက မြန်မာနိုင်ငံဧရိယာ၏ (၈ဝ)ရာခိုင်နှုန်းကျော်သည် ရေဝေရေလဲဒေသများ ဖြစ်သည့်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်အတူ အခြား ဌာနဆိုင်ရာ အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ရေဝေ ရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်စွာ ဖော်ဆောင်နိုင် မည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီနှင့် ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်း ရေးကော်မတီတို့က အစီရင်ခံစာများကို တင်သွင်းကြရာ ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အစည်းအဝေးအဋ္ဌမနေ့က တင်ပြခဲ့သည့် ပြည်သူ့ လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီအစီရင်ခံစာကို သဘောတူလက်ခံရန် လွှတ်တော်၏ အတည်ပြုချက် ရယူသည်။
ယင်းနောက် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကြမ်းကိုတင်သွင်းပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း၊ ငွေစုဘဏ်လုပ်ငန်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁ဝ)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment