Wednesday, December 2, 2015

ပူတင်က အာဒိုဂန်နှင့် တွေ့ဆုံရန် ငြင်းဆန်




ပါရီ ဒီဇင်ဘာ ၁
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တူရကီနိုင်ငံက ရုရှားတိုက်လေယာဉ်ပစ်ချခဲ့မှုကို လူသိရှင်ကြား ထပ်မံစွပ်စွဲ ရှုတ်ချခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် တူရကီသမ္မတ ရီဆက်တေယက်အာဒိုဂန်က သီးခြားတွေ့ဆုံရန် ကမ်းလှမ်း မှုကို ငြင်းဆန်ခဲ့သည်။
တူရကီနိုင်ငံက ရုရှားတိုက်လေယာဉ်ကို ပစ်ချခဲ့သည့် နိုဝင်ဘာ ၂၄ ရက်ကတည်းက ရုရှားနှင့် တူရကီနိုင်ငံတို့၏ ဆက်ဆံရေးသည် ဆိုးရွားလျက်ရှိနေခဲ့ပြီး ရုရှားက တူရကီ နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသည်။ ပိတ်ဆို့မှုများတွင် တူရကီနိုင်ငံက ရုရှားနိုင်ငံသို့ တင်ပို့ လျက်ရှိသည့် လယ်ယာထွက်ကုန်များလည်း ပါဝင်သည်။ ယင်းသို့ တင်ပို့မှုမှာ နှစ်စဉ် ၁ ဒသမ ၆ ဘီလီယံ ကျော် တန်ဖိုးရှိသည်။ ထို့ပြင် နှစ်နိုင်ငံကြား စင်းလုံးငှားလေယာဉ် များဖြင့် သွားလာမှုကို တားမြစ်သွားမည်ဖြစ်သကဲ့သို့ ပုံမှန်လေကြောင်းလိုင်းများကိုလည်း ကန့်သတ်သွားမည်ဟု ရုရှားတာဝန်ရှိသူများက ပြောကြားသည်။
ရုရှားတိုက်လေယာဉ်များသည် တူရကီနိုင်ငံကို ခြိမ်း ခြောက်နေခြင်းမဟုတ်သည့်အတွက် လေယာဉ်ကို ပစ်ချရန် မလိုအပ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ရှင်းလင်းပြောပြခဲ့ကြောင်း ပူတင်က ဒီဇင်ဘာ ၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။ ပူတင်နှင့် တွေ့ဆုံခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်တို့ ပါဝင်သည်။
ထို့ပြင် တူရကီနိုင်ငံအနေဖြင့် ရုရှားလေယာဉ်ကို ပစ်ချရခြင်းမှာ အိုင်အက်စ်စစ်သွေးကြွများနှင့် အခြားအဖွဲ့ များက ထိန်းချုပ်ထားသည့် ဆီးရီးယားရေနံတွင်းများမှ ရေနံများ တူရကီနိုင်ငံသို့ပိုဆောင်ပေးနေမှုကို ကာကွယ် လိုခြင်းကြောင့်ဖြစ်သည်ဟု ပူတင်က ပြောကြားသည်။

အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment