Wednesday, December 2, 2015

ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု စောင့်ကြည့်မည့်ဂြိုဟ်တုများ တရုတ်လွှတ်တင်မည်




ပေကျင်း ဒီဇင်ဘာ ၁
တရုတ်နိုင်ငံသည် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ထုတ်လွှတ်မှုများအား လေ့လာစောင့်ကြည့်မည့် ဂြိုဟ်တုများကို လွှတ်တင်သွားရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဒီဇင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံတက်ရောက်ရန် ကမ္ဘာ့ခေါင်း ဆောင် ၁၅ဝ ကျော် စုဝေးရောက်ရှိနေစဉ် တရုတ်နိုင်ငံက ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု လေ့လာစောင့် ကြည့်ရေးဂြိုဟ်တုများ လွှတ်တင်မည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချကာ ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရန် ရည်ရွယ်သည့် သဘော တူညီချက်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ဘာရက်အိုဘားမားတို့က ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုညီလာခံတွင် ထုတ်ဖော်ပြောကြားခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ပထမဆုံးသော ကာဗွန်လေ့လာစောင့်ကြည့်ရေးဂြိုဟ်တုနှစ်လုံးကို လာမည့်မေလထက် နောက်မကျဘဲ လွှတ်တင်နိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီအောက်ရှိ အဖွဲ့အစည်းတစ်ရပ်က ကာဗွန်လေ့လာစောင့်ကြည့်ရေး ဂြိုဟ်တုများကို လေးနှစ်ကြာမျှ သုတေသနပြု တည်ဆောက်ခဲ့သည်။
အကယ်၍ တရုတ်နိုင်ငံသည် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု လေ့လာစောင့်ကြည့်ရေးဂြိုဟ်တု များကို အောင်မြင်စွာလွှတ်တင်နိုင်မည်ဆိုပါက ဂျပန်နှင့် အမေရိကန်တို့ပြီးလျှင် ယင်းသို့သော ဂြိုဟ်တုလွှတ်တင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment