Wednesday, December 2, 2015

''မည်သည့်အစိုးရကာလမှာဖြစ်စေ အခွန်နဲ့ရပ်တည်တဲ့အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်''



ယနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးမှာ ၂ဝ၁၅-၂ဝ၁၆ ပထမ ခြောက်လပတ်ကာလ အတွက် အခွန်ကောက်ခံရရှိမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးနှစ်ဦးဆွေးနွေးခဲ့တဲ့အပေါ်မှာ အဓိက အချက်များကို ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။ ကိုယ်စားလှယ်ကြီးများအနေနဲ့ နိုင်ငံတော်အတွက် ရသင့် ရထိုက်တဲ့အခွန်တွေ အပြည့်အဝရရှိစေရန် ရည်မှန်းပြီး ဆောင်ရွက်သင့်တဲ့ဟာတွေ ဆောင်ရွက်ရမယ့် အခြေ အနေတွေကို ဆွေးနွေးသွားတဲ့အတွက် ကြိုဆိုပါကြောင်း နှင့် ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
မိမိတို့ တာဝန်ယူခဲ့တဲ့ လေးနှစ်ကျော်၊ ငါးနှစ် သက်တမ်းကာလအတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အကြိုးစားဆုံး၊ အဖြစ်ချင်ဆုံးကိစ္စအကြောင်းအရာ တစ်ခု က အခွန်ရရှိငွေတိုးတက်ရေးဖြစ်ပြီး အလေးထား ဆောင်ရွက်ခဲ့တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ယခင်ခေတ် အဆက်ဆက်က ရရှိခဲ့တဲ့ အခွန်ကောက်ခံရငွေတွေထက် နှစ်စဉ်တိုးတက်ရရှိအောင် အလေးထားဦးစားပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာကိုလည်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေပမာဏများနဲ့ နှိုင်းယှဉ်တင်ပြခဲ့ခြင်းဖြစ်ပါ တယ်။ အခွန်အကောက်ရငွေဆိုတာ အမှန်တကယ် ကောက်ခံရရှိတဲ့ပမာဏကို ဖော်ပြရတဲ့လုပ်ငန်းကြီး ဖြစ်ပါတယ်။ ကိန်းဂဏန်းဖော်ပြချက်တစ်ခုအနေနဲ့ ရရှိ နေတာမဟုတ်ဘဲ ငွေပမာဏကို အတိအကျရမှသာလျှင် တကယ့်ရငွေအဖြစ် ဖော်ပြရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အင်မတန်ကြိုးစားဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ စနစ်တွေနဲ့ လူတွေရဲ့ အားနည်းချက်တွေကို အတတ်နိုင်ဆုံးပြုပြင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ကောက်ခံရရှိတဲ့ ရလဒ် တွေက သက်သေပြနေခြင်းပဲဖြစ်ပါတယ်။ တင်ပြလိုခြင်း အချက်ကတော့ အခွန်အကောက်ရငွေ တိုးတက်ရရှိ အောင် ဆောင်ရွက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ် ကြီးများထောက်ပြသလို လွှတ်တော်ကိုယ်စားလှယ်ကြီး များ ဆန္ဒရှိသလို ဘဏ္ဍာရေးဝန်ကြီးဌာနက အလေး ထားပြီး ဦးစားပေးဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ကြောင်း ပဏာမတင်ပြလိုခြင်းပဲဖြစ်ပါတယ်။
ဆက်လက်ပြီး လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အချို့ကိစ္စတွေဟာ လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အမှန် တကယ်ဆောင်ရွက်ရတဲ့သူရဲ့ဘက်ကိုလည်း ကြည့်ရတဲ့ အနေအထားရှိပါတယ်။ ဆိုလိုရင်းသဘောကတော့ တချို့ဟာတွေမှာ Principle လို့ခေါ်တဲ့ ဥပဒေသနဲ့အညီ ဆုံးဖြတ်လို့မရဘဲနဲ့ အမှန်တကယ် လက်တွေ့ဆောင်ရွက် တဲ့သူတွေဘက်က Side ကိုလည်း ကြည့်မှသာလျှင် ရရှိ သုံးသပ်ချက်တွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်တဲ့အနေအထား ဖြစ်ပါတယ်။ မိမိတင်ပြခဲ့သလို၊ သစ်တောဝန်ကြီးဌာနက တင်ပြခဲ့သလို တချို့ဟာတွေ သည် လက်တွေ့လုပ်ငန်းနယ်ပယ်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတင်ပြခဲ့တဲ့ ၅ဝ ရာခိုင်နှုန်း သတ်မှတ်ရမယ်ဆိုတဲ့ အချက်ကို ပြန်လည် ဆွေးနွေးခြင်း ဖြစ်ပါတယ်။ တစ်သမှတ်တည်း ပထမ ခြောက်လပတ် ၅ဝ၊ ဒုတိယ ခြောက်လပတ် ၅ဝ ဆိုတာဟာ Principle အရ လုပ်လို့ရပေမယ့် အမှန်တကယ်လက်တွေ့ဆောင်ရွက် တဲ့နေရာမှာ သဘောသဘာဝအရ ဌာနတွေရဲ့ ကောက်ခံ ရတဲ့ သဘောသဘာဝအရ ကွာဟချက်တွေရှိပါတယ်။ ဒါကြောင့် သတ်မှတ်တဲ့ပမာဏဟာလည်း ပထမခြောက်လ ပတ်နဲ့ ဒုတိယ ခြောက်လပတ် ၅ဝ စီ အတိအကျ သတ်မှတ် ရမယ်ဆိုတဲ့ဟာကလည်း လက်တွေ့ဆောင်ရွက်ရာမှာ ပြန်လည်စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။
အကယ်၍ ပထမ ခြောက်လပတ်မှာ လျော့ပြီး သတ်မှတ်ထားတယ်ဆိုရင် နောက်ခြောက်လပတ်ကျရင် အပြည့်အဝ နှစ်ခါပေါင်းရင် ၁ဝဝ ရာခိုင်နှုန်း ပြန်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒုတိယ ခြောက်လပတ်မှာ အဖြေပေါ်ပါတယ်။ နှစ်ခါပေါင်းရမှာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးတာတွေက လည်း အမှန်စာရင်း မဟုတ်သေးပါဘူး။ ပထမခြောက်လ ပတ်ကာလမှာ ကောက်လို့ရတဲ့ အခွန်ငွေနဲ့ပတ်သက်ပြီးတော့ အမှန်စာရင်းထွက်တဲ့အခါကျရင် ခုနကပြောတဲ့ ပထမ ခြောက်လပတ်နဲ့ ဒုတိယ ခြောက်လပတ်ပေါင်းပြီး တစ်နှစ် စာထွက်လာမှာဖြစ်တဲ့အတွက် အဲဒီအခါမှသာ မှန်ကန်တဲ့ သုံးသပ်မှုတွေ ဖြစ်လာနိုင်ပါတယ်လို့ ပထမအချက်ကို တင်ပြလိုပါတယ်။ အဓိကအကြောင်းအရင်းကတော့ ပထမ ခြောက်လပတ်မှာ လျှော့ခဲ့ရင်တောင် ဒုတိယခြောက်လပတ်မှာ အပြည့် ‘ဒီထက်မက ပိုကောက်ရတဲ့အနေအထား သဘာဝရှိတာကို တင်ပြခြင်းပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မကြာခင်မှာ ၂ဝ၁၆ အခွန် အကောက်ဥပဒေအတွက် ရေးဆွဲတော့မှာဖြစ်ပါတယ်။ တချို့ခေါင်းစဉ်တွေမှာ လက်တွေ့လုပ်နေတဲ့ အနေအထား နဲ့ မကိုက်ညီတာတွေ၊ ဒီနှစ်ပြင်ရမယ့်အနေအထားတွေရှိ ပါတယ်။ ဥပမာ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့် အခွန်လို့ ဇယားတိုင် အမှတ်စဉ်၊ ငွေစာရင်းခေါင်းစဉ် (၄-၄)မှာ ဖော်ပြထားပါတယ်။ ဓာတ် သတ္တုဆိုတော့ သတ္တုတွင်းဝန်ကြီးဌာနက ကောက်သကဲ့သို့ ဖြစ်နေပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနက ကောက်တာက (၄-၉) ခေါ်တဲ့ ဓာတ်သတ္တုခွန်နဲ့ ရတနာခွန်ပဲဖြစ်ပါတယ်။ ဒီဟာက ဓာတ်သတ္တုပစ္စည်းပေါ်မှာ ထုတ်ယူတဲ့အခွန် မဟုတ်ဘဲနဲ့ ယခုလက်ရှိအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုတ်၊ သဲ၊ ကျောက် လုပ်ငန်းတွေအပေါ်မှာ ကောက်တဲ့လုပ်ငန်းတွေဖြစ်ပါ တယ်။ ဒါကို လာမယ့်အခွန်အကောက်ဥပဒေမှာ ပြင်ရ မယ့် အနေအထားလေးတစ်ချက် တွေ့ရှိမှုဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
ဒါကြောင့် အခွန်ရရှိရေးကိစ္စနဲ့ပတ်သက်ပြီး ဒီခြောက် လပတ်မှာတော့ ၁ဝဝ ရာခိုင်နှုန်းကျော်တယ်ဆိုပြီးတော့ ဒီအပေါ်မှာ ယစ်မူးနေဖို့မဟုတ်ပါဘူး။ အဓိက ကတော့ အခွန်တိုးတက်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ နှစ်စဉ်တိုးတက်လာဖို့ ရည်မှန်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အခွန်ဝန်ပိပြီးတော့၊ မလိုလား အပ်တဲ့အခွန်နှုန်းထားတွေပိပြီးတော့ ပြည်သူလူထုအပေါ် မှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်တဲ့အနေအထားမဖြစ်ရအောင်လည်း တစ်ဖက်က ချိန်ဆဆောင်ရွက်နေတာဖြစ်တဲ့အတွက် တချို့သော အခွန်နှုန်းထားများကို နှစ်စဉ်ဆွေးနွေးနေကြတဲ့ အခွန်အကောက်ဥပဒေတွေမှာ အပြန်အလှန်ဆွေးနွေးကြတာ တွေ့ခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ၊ မည်သို့အခက်အခဲ တွေရှိစေကာမူ အမှန်တကယ်လိုအပ်နေတဲ့ အခွန်အကောက်ရရှိရေးအတွက် နောက်ဆုံးအချိန်ထိ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခွန်အကောက်ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လျှော့ပြီး ခန့်မှန်းတာ၊ ၁ဝဝ ရာခိုင်နှုန်းကျော်တယ် လိုချင်တယ်ဆိုပြီးတော့ ပြောခြင်းမျိုးမဟုတ်ပါ။ လုပ်ငန်းသဘာဝအရ ပထမ ခြောက်လပတ်နဲ့ ဒုတိယခြောက်လပတ် ကွာခြားချက် တွေကို ချိန်ဆပြီးတော့ လျာထားချက်နဲ့ ကောက်ခံရရှိချက် ကို နှိုင်းယှဉ်တင်ပြခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်တင်ပြတဲ့ အချက်တစ်ချက်ကို ရှင်းလင်းတင်ပြလိုပါတယ်။ နိုဝင်ဘာ ၂၄ ရက်က မိမိရှင်းလင်းတင်ပြခဲ့တဲ့ ပါဝါပွိုင့်အမှတ် ၁၆ မှာ ပါပြီးဖြစ်ပါတယ်။ အဓိက ဘာလဲဆိုရင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် နှိုင်းယှဉ် ချက်ဇယားကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုပြောမှာသိလို့ ကျွန်တော်တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောက်ခံရရှိငွေခြင်း ယှဉ်လိုက်တဲ့အခါမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ခြောက်လပတ်မှာ ငွေကတော့ လျော့သွား တယ်ဆိုတာ ပြောဖို့အနေအထားဖြစ်လာတဲ့အတွက် ယှဉ်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဘာကြောင့် မတူရသလဲ ဆိုရင် ၂ဝ၁၄-၂ဝ၁၅ လျာထားချက်နဲ့ ၂ဝ၁၅-၂ဝ၁၆ လျာထားချက်က ကွာခြားချက်ရှိပါတယ်။ အဲဒီလျာထား ချက်အပေါ်မှာ မူတည်ပြီးတော့ ကောက်ခံထားတဲ့ အနေ အထားဖြစ်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် တိုးတက် လာပေမယ့်လည်း ကောက်ခံရရှိတဲ့ပမာဏဟာ နည်းသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဇယားလေးကို ထည့်ပြီး နိုဝင်ဘာ၂၄ ရက်က သုံးသပ်တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
အဓိကကတော့ နှစ်စဉ်တိုးတက်ရရှိတဲ့၊ ရသင့် ရထိုက်တဲ့အခွန်ရရှိရေး၊ အခွန်ရှောင်တာတွေ တားဆီး ဖော်ထုတ်ရေးကို အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက် နေတာ တင်ပြလိုခြင်းဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ အခွန်တွေ ဘယ်ကို သုံးသွားသလဲ၊Transparence ရှိပါတယ်ဆိုတဲ့အချက် တင်ပြလိုပါတယ်။ ဒါကတော့ ပြည်ထောင်စုကကောက်ခံ နေတဲ့ အခွန်နဲ့အခ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး အဖွဲ့များက ကောက်ခံနေတဲ့အခွန် အကောက်ရရှိမှုတွေနဲ့ ကွဲပြားသိနေဖို့လိုပါတယ်။ မော်တော်ယာဉ်နဲ့ပတ်သက်ပြီး မော်တော်ယာဉ်အနေနဲ့ ယာဉ်ထိန်းသိမ်းခတွေ ကောက်ခံတဲ့ကိစ္စမျိုးမှာ စည်ပင် သာယာက ဘယ်လိုပြန်သုံးသလဲ၊ အဲဒီအပိုင်းတစ်ပိုင်းနဲ့ နိုင်ငံတော်က ကောက်ခံနေတဲ့ အခွန်အကောက်အပိုင်းကို ခွဲခြားစဉ်းစားရပါမယ်။ နိုင်ငံတော်က ကောက်ခံနေတဲ့ အခွန်အားလုံးဟာ နိုင်ငံတော်ရဲ့ဘတ်ဂျက်ထဲကို အကုန် ဝင်သွားတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရငွေအနေနဲ့ ပေါ်ပေါက်တာဖြစ်ပါတယ်။ နိုင်ငံတော်က နှစ်စဉ် ဘတ်ဂျက်ရငွေကို ပြန်သုံးစွဲတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စတွေ အားလုံးသုံးတာဟာ ဒီအခွန် အကောက်ရငွေထဲက အဓိကထားသုံးစွဲတာ ဖြစ်ပါတယ်။
ဒါကြောင့် တင်ပြလိုခြင်းအချက်မှာ အခွန်အကောက်ရငွေတွေ ဘယ်လိုသုံးစွဲသလဲ၊ Transparence ရှိပါတယ်ဆိုတာ နိုင်ငံတော်၊ ပြည်ထောင်စုအဆင့်ကရတဲ့ အားလုံးဟာ ဘတ်ဂျက်ကိုဝင်သွားပြီးတော့ ဘတ်ဂျက်က နေပြီးတော့ ခွဲဝေသုံးစွဲနေတာ ဖြစ်ပါတယ်။ အဓိက ကတော့ တိုင်းဒေသကြီး၊ စည်ပင်သာယာများ၊ အခွန် အကောက်များရတဲ့အပိုင်းဟာ ဘယ်နေရာမှာ ပြန်သုံး သလဲဆိုတဲ့အပိုင်းဟာ တင်ပြခဲ့သလို ပြည်ထောင်စုအခွန် အကောက်ရငွေနဲ့၊ ရရှိမှုနဲ့၊ ဘတ်ဂျက်မှာ ထည့်သွင်းမှုနဲ့ ခွဲခြားပြီး ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနအနေနဲ့ အခွန်အကောက်ရရှိရေးကိစ္စကို အတတ် နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သကဲ့သို့ သက်ဆိုင်ရာဝန်ကြီး ဌာနများကလည်း ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ မည်သည့်အစိုးရကာလမှာဖြစ်စေ အခွန်နဲ့ ရပ်တည်တဲ့ အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့ အနေအထားသည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အခွန် အကောက်တိုးတက်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း အခွန်ဝန်ထုပ်ပိပြီး ပြည်သူလူထုကို ဖိတာမျိုးမရှိရအောင်လည်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ 
ကျေးဇူးတင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်

No comments:

Post a Comment