Wednesday, December 2, 2015

မြန်မာနိုင်ငံ မဆင်းရဲပါ



မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံမဟုတ်ပါ။ ယခင်က ဆင်းရဲမွဲတေမှု ကိုပြောချင်လျှင် အာဖရိကတိုက်အရှေ့မြောက်ဘက် ဦးချိုစွန်းစွန်းလေးပေါ်မှ အီသီယိုးပီးယားနိုင်ငံကို ပြောလေ့ရှိကြပါသည်။ ဆယ်စုနှစ် နှစ်ခုကျော်ကာလ က သေချင်လျှင် အီသီယိုးပီးယားကိုသွားဟု ပြောခဲ့ဆိုခဲ့ကြသော်လည်း မျက်မှောက်ကာလတွင် ထိုနိုင်ငံမှာ အဆင်းရဲဆုံးနိုင်ငံမဟုတ်တော့ချေ။ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံမရှိတော့ပါ။ အဆင်းရဲဆုံးဆိုသည်မှာ စားရမဲ့သောက်ရမဲ့ မွဲတေငတ်ပြတ်နေသောနိုင်ငံဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အဆင်းရဲဆုံးမဟုတ်သော်လည်းLDCs (Least Developed Countries) စာရင်းတွင် ရှိနေပါသည်။LDCs စာရင်းဝင်ခဲ့ သည်မှာ ၁၉၈၇ ခုနှစ် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကြောင့် စာရင်း ဝင်ခဲ့ခြင်းဖြစ်ပါသည်။ စာရင်းဝင်နိုင်ငံများတွင် အာဖရိက ၃၄ နိုင်ငံ၊ အာရှ ကိုးနိုင်ငံ၊ သမုဒ္ဒရာကျွန်းဒေသ လေးနိုင်ငံနှင့် အမေရိက တစ်နိုင်ငံတို့ ပါဝင် သည်။ အဆိုပါ ၄၈ နိုင်ငံတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် တီမောတို့ပါဝင်ရာ မြန်မာပြည်သူများအနေ ဖြင့် LDCs စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်နေ သည်ကို တွေ့ရပါသည်။
LDCs စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်ရန်အတွက် အခြေခံလိုအပ် ချက် အညွှန်းကိန်း သုံးခုပြည့်မီရန်လိုအပ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် လူတစ်ဦးကျထုတ်လုပ်မှုနှင့် လူတစ်ဦးချင်းဝင်ငွေဟူသည့် အညွှန်းကိန်းနှစ်ခု ပြည့်မီနေသည်ဟု ဆိုထားပါသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ရာတွင် ဝင်ငွေနိမ့်ကျမှု၊ လူ့စွမ်းအားအရင်းအမြစ်အားနည်းမှုနှင့် စီးပွားရေးနိမ့်ကျအခြေမခိုင်မှုတို့အပေါ်တွင် အခြေခံသည်ဟု သိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် အချက်နှစ်ချက်အပေါ်တွင်အခြေခံသည့် အညွှန်းကိန်း ပြည့်မီသဖြင့် ကုလသမဂ္ဂသို့တင်ပြထားပြီး လာအိုနိုင်ငံသည် မြန်မာနိုင်ငံထက် စောစွာ တင်ပြထားသည်ကိုတွေ့ရပါသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရန်ီူဃျ စာရင်းကို ဖွံ့ဖြိုးမှု မူဝါဒကောင်စီ CDP ၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ ECOSOC က သုံးနှစ်တစ်ကြိမ်ဆန်းစစ်၍ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရသည်ဟု သိရပါသည်။ မြန်မာနိုင်ငံအတွက် အစစ်ဆေးခံမှုကို ၂ဝ၁၈ ခုနှစ်ခန့်မှစတင်၍ အစစ်ဆေးခံရမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းများ ရှိနေပြီဖြစ်၍ ၂ဝ၂ဝ ခုနှစ်အလွန်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှလွတ်မြောက်ပြီး ဖွံ့ဖြိုးသော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ပါသည်။
LDCs စာရင်းမှလွတ်မြောက်ရေးကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် လူတစ်ဦးချင်းဝင်ငွေသည် နိုင်ငံသားအားလုံးနှင့် အကျုံးဝင်သည်ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ဂျီဒီပီကိန်းဂဏန်းများ မြင့်မားတိုးတက်လာသည်မှာ ကျေနပ်ဖွယ်ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတစ်ဦးကျ ထုတ်လုပ်မှုသည်လည်း မြင့်မားတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။လူ့စွမ်းအားအရင်းအမြစ်အားနည်းမှုကို နိုင်ငံတစ်နိုင်ငံ၏ အာဟာရဖွံ့ဖြိုးမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ကြီးစာတတ်မြောက်မှုအပေါ် အခြေခံပြီးံHAI (Human Assets Index) အညွှန်းကိန်းဖြင့် တိုင်းရာတွင် မြန်မာနိုင်ငံ အနေဖြင့် သတ်မှတ်အညွှန်းကိန်း ၆၆ ကိုကျော်၍ ၆၈ ဒသမ ၆ ရှိသည်ဟု ဆိုထားသည်။
LDCsစာရင်းမှလွတ်မြောက်ရေးအတွက် အရေးအကြီးဆုံးနှင့် အဓိကအကျဆုံးအခြေခံအချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးပင်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ နယ်မြေဒေသအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မဝေးသောကာလတွင်ီူဃျ စာရင်းမှလွတ် မြောက်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ပြည်သူတို့၏လူမှု စီးပွားရေးဘဝ တစ်နိုင်ငံလုံးတွင် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရမည်။ ပြင်သင့်သည်ကိုပြင်၊ ပြောင်းသင့်သည်ကိုပြောင်းလျှင် အောင်မြင်မည်မှာ အမှန် ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အတွက် အားလုံးပါဝင်လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းပါသည်။ ။

No comments:

Post a Comment