Wednesday, December 2, 2015

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲ



ရန်ကုန် ဒီဇင်ဘာ ၁
အားကစားဝန်ကြီးဌာန မြန်မာ နိုင်ငံမြားပစ်အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင် အာရှတံခွန်စိုက် မြားပစ်ပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံ မြားပစ်အားကစားကွင်းတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက် နံနက် ၁ဝ နာရီက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အစည်း အဝေးခန်းမ၌ ကျင်းပသော ကြိုတင် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစားအနေဖြင့် Compound နှင့် Recurve ပြိုင်ပွဲများ ထည့်သွင်း ထားပြီး Recurve ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး တစ်ဦးချင်း မီတာ ၇ဝ အမှတ်ပေးပြိုင်ပွဲ၊ တစ်ဦး ချင်း ရှုံးထွက်ပြိုင်ပွဲ၊ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲ၊ အသင်းလိုက် ရှုံးထွက်ပြိုင်ပွဲ၊ Mix Team ပြိုင်ပွဲ များ ကျင်းပသွားမည်ဖြစ်သည်။ Compound ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး တစ်ဦးချင်း မီတာ ၅ဝ အမှတ်ပေးပြိုင်ပွဲ၊ တစ်ဦးချင်း ရှုံးထွက် ပြိုင်ပွဲ၊ အသင်းလိုက်အမှတ်ပေးပြိုင်ပွဲ၊ အသင်းလိုက်ရှုံးထွက်ပြိုင်ပွဲ၊ Mix Team ပြိုင်ပွဲစုစုပေါင်း ပြိုင်ပွဲ အမျိုး အစား ၁ဝ မျိုးပါဝင်ပြီး ဆုတံဆိပ် အနေဖြင့် ရွှေ ၁၈ ခု၊ ငွေ ၁၈ ခုနှင့် ကြေး ၁၈ ခု စုစုပေါင်း ၅၄ ခု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်းပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံ မြားပစ်လက်ရွေးစင်အသင်းမှ Compound ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး လေးဦး၊ Recurve ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး လေးဦး တန်းပြည့်ပါဝင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလား ဒေရှ့်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ နီပေါ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တို့မှ အားကစားသမား ၁၅ဝ ဝန်းကျင် လာရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကမ္ဘာ့မြားပစ် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Sanguan Kosawinga တို့ တက်ရောက်အားပေးမည်ဖြစ်သည့် အတွက် မြန်မာ့ရိုးရာသိုင်း၊ မြန်မာ့ ရိုးရာခြင်းလုံးတို့အပြင် တင်းပုတ် အားကစားနည်းကိုပါ သရုပ်ပြသသွား ရန် စီစဉ်ထားကြောင်း သိရသည်။
ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ ရန်ကုန်တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးစိုးအောင်၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(ခင်ဇာလီ)

No comments:

Post a Comment