Wednesday, December 2, 2015

ဧရာဝတီမြစ်အတွင်း စက်တပ်လှေငယ်လေးများကို ဒေသခံများပိုမိုအသုံးပြုလာ



ကသာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေး၌တည်ရှိသော ခရိုင်မြို့တစ်မြို့ ဖြစ်ပြီး တံငါလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ ရာသီပေါ် သီးနှံစိုက်ပျိုးရောင်းချသူများ၊ သစ်ဝါးဖောင် လုပ်ငန်းများလုပ်ကိုင်ကြသူများသည် လူမှုစီးပွားရေးများလုပ်ကိုင်ရာတွင် ဧရာဝတီမြစ်အတွင်းရှိ စက်တပ်လှေငယ် လေးများကို ပိုမိုအသုံးပြုလာလျက်ရှိကြောင်း သိရသည်။
သစ်သားဖြင့်ပြုလုပ်ထားသော အဆိုပါ စက်တပ်လှေ ငယ်များသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် အင်ဂျင်စက်ငယ် မြင်းကောင်ရေတစ်ကောင်အား၊ နှစ်ကောင် အား စသဖြင့် မိမိကြိုက်နှစ်သက်ရာအင်ဂျင်များကို ကသာမြို့ပေါ်ရှိ ကုန်မာဆိုင်ကြီးများ၌ လိုအပ်သလိုဝယ်ယူ တပ်ဆင်နိုင်ကြသည်။
အဆိုပါစက်လှေများဖြင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာခြင်း၊ ငါးဖမ်းပိုက်အစုံအလင်တို့ကို တင်ဆောင်၍ တံငါလုပ်ငန်းလုပ်ကိုင်ခြင်း၊ တောင်သူများ အနေဖြင့် မိမိတို့ယာစိုက်ခင်း၊ ဥယျာဉ်ခြံမြေတို့မှ စိုက်ပျိုးထွက်ရှိသည့်သီးနှံများကို စက်လှေပေါ်တင်ကာ ကုန်စည်ဒိုင်များသို့ အရောက်သွင်းရောင်းချခြင်းတို့တွင် လည်း အဆင်ပြေကြသည်ဟု သိရသည်။
ယခုကဲ့သို့ စက်တပ်လှေငယ်တွေ ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်၍ သယ်ယူပို့ဆောင်ခသက်သာခြင်း အပြင် အင်ဂျင်စက်မှာ ဆီစားသက်သာခြင်းကြောင့် အကျိုးအမြတ်ပိုမိုရရှိကြသည်။ စက်တပ်လှေကို အသုံးပြု ရာ၌ အင်ဂျင်စက်ကို ကြိုးဆွဲလိုက်ရုံဖြင့် စက်နှိုးရလွယ်ကူ သည့်အတွက် အမျိုးသားများသာမက အမျိုးသမီးများပါ အသုံးပြုရလွယ်ကူခြင်းကြောင့် အဆိုပါစက်တပ်လှေငယ် များ ယခင်ကထက်ပိုမိုအသုံးပြုမှု များပြားလာကြောင်း သိရသည်။ (စိုင်းလူမင်း)

No comments:

Post a Comment