Wednesday, December 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


 
မိုဘိုင်းဘဏ်လုပ်ငန်းနှင့်စီးပွားရေး


မျက်မှောက်ကာလတွင် အိုင်တီနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ   ထုထည်အရွယ်အစားကြီးမားပြီး အထိုင်လုပ်ကိုင်ရသော လုပ်ငန်းများကို အလွယ်တကူ သယ်ယူ လုပ်ကိုင်နိုင်သည့် မိုဘိုင်းစနစ်အဖြစ်သို့ ပြောင်းလဲလုပ်ဆောင် ကြလျက်ရှိသည်။  SMART   WATCH,   SMART GLASS, SMART CARD နှင့် SMART PHONE  များသည် စီးပွားရေးနယ်ပယ်တွင် အသုံးတွင်ကျယ်လာသော မိုဘိုင်းအသုံးအဆောင်ပစ္စည်းများ ဖြစ်လာသည်။ မျက်မှောက် ခေတ်တွင် SMART နည်းပညာကို နေရာအတော်များများ အသုံးပြုလျက်ရှိသည်။
ဤသို့ မိုဘိုင်းနည်းပညာများ လျင်မြန်စွာ တိုးတက်လာမှု နှင့်အတူ မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိကဘဏ်လုပ်ငန်းများ အပြိုင်အဆိုင်  အားကောင်းလာရာမှ  မိုဘိုင်းဘဏ်လုပ်ငန်း(Mobile Banking) ဝန်ဆောင်မှုသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။  ဤမိုဘိုင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းသည် အလျင်အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်သော ဘဏ်လုပ်ငန်းဖြစ်၍ ဘဏ်လုပ်ငန်းများတွင် ထိပ်တန်းနေရာသို့ ရောက်ရှိလာနိုင်သည့် အနေအထားရှိသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၇ ခုရှိသည့်အနက် ဘဏ်အချို့မှာ မိုဘိုင်းဘဏ်ဝန်ဆောင်မှုကို ပေးနေပြီဖြစ်သည်။ ဤဘဏ်ဝန်ဆောင်မှုလုပ်ငန်းသည် မိုဘိုင်း ဖုန်းများကို အသုံးပြုလုပ်ဆောင်ခြင်းဖြစ်၍ မြို့ပြများသာမက ကျေးလက်ဒေသများအထိ ဘဏ်ဝန်ဆောင်မှုကို ပေးနိုင်သော စနစ်တစ်ရပ်ဖြစ်သည့်အတွက် အကျယ်ပြန့်ဆုံးဘဏ်ဝန်ဆောင် မှုဖြစ်လာသည်ကို တွေ့ရသည်။ မိုဘိုင်းဘဏ်လုပ်ငန်းကို ဘဏ်မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်(Agent) များမှတစ်ဆင့် အများပြည်သူသို့ မိုဘိုင်းကွန်ရက်ကို အသုံးပြု၍ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပေးခြင်းဖြစ်သည်။
မိုဘိုင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းသည် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဘဏ်စာရင်း(Mobile Banking Account)  ဖွင့်လှစ် ပြီး ငွေသွင်းငွေထုတ်ခြင်း (Cashin-Cash out)၊ ငွေလွှဲခြင်း (Send Money)၊ ငွေတောင်းခံခြင်း(Request Money)၊ ဘီလ်ပေးဆောင်ခြင်း (Bill Payment)၊ ဖုန်းငွေဖြည့်ခြင်း(Top up)၊ စာရင်းရှိငွေစစ်ဆေးခြင်း (Check Balance)စသည့်တို့ကို ပြုလုပ်နိုင်ပါသည်။ ဤသို့ မိုဘိုင်းဘဏ် ဝန်ဆောင် မှုနှင့် ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းများဖြင့် ငွေလွှဲ၊ ငွေပို့ ခြင်းအပြင် ချိတ်ဆက်ထားသော ဆိုင်များ၊ စားသောက်ဆိုင်များ တွင်လည်းMobile Payment  ဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပါ သည်။ ငွေကြေးဖောင်းပွမှုများလာသော ခေတ်ကြီးတွင် ငွေများကို မြောက်မြားစွာ သယ်ယူသုံးစွဲစရာမရှိဘဲ မိုဘိုင်းဘဏ်လုပ်ငန်း များက အထောက်အကူပြုလာနိုင်မည်ဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေး ချေမှုကို ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါသည်။ သို့ဖြစ်၍ မိုဘိုင်းဘဏ်လုပ်ငန်းသည်  စီးပွားရေးနယ်ပယ်တွင် ငွေကြေး ဝန်ဆောင်မှုပေးရာ၌ လွယ်ကူထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ကျေးလက်များအထိ ဖြန့်ကြက်နိုင်သော ဘဏ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာတော့ မည်ဖြစ်ပါကြောင်း။    ။

No comments:

Post a Comment