Tuesday, December 1, 2015

ဂျော်နီဒပ်ဖွင့်ဟလာတဲ့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်




''Pirates of the Caribbean''ရုပ်ရှင်တွေရဲ့ ပင်တိုင်ဇာတ်ဆောင်မင်းသားကြီး ဂျော်နီဒပ်ကိုတော့ ပရိသတ်တွေက ပင်လယ်ဓားပြကြီး ဂျက်စပဲရိုးအဖြစ် အသိ များကြပါတယ်။ ဂျော်နီဒပ်ဟာ ဟောလိဝုဒ်မှာ ယနေ့အချိန်အထိအောင်မြင်နေတဲ့ မင်းသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အောင်မြင်မှုအပေါင်း သရဖူဆောင်းထားဆဲမင်းသားကြီးက မကြာသေးမီကပြုလုပ်ခဲ့တဲ့ ရုပ်သံအစီ အစဉ်တစ်ခုမှာတော့ သူ့ဘဝရဲ့အမှောင်မိုက်ဆုံး၊ အခက်ခဲဆုံးဖြစ်ခဲ့ရတဲ့အချိန်ကို ဖွင့်ဟပြောကြားခဲ့ကြောင်း ယူအက်အေတူဒေးသတင်းစာက ဖော်ပြခဲ့ပါတယ်။



ဒပ်က ဘဝမှာမမေ့နိုင်တဲ့ အခက်ခဲဆုံးသောအချိန်ကို ၂ဝဝ၇ ခုနှစ်တွင် ကြုံတွေ့ခဲ့ရကြောင်းနဲ့ ယင်းအချိန်မှာ သမီးဖြစ်သူ လီလီရို့စ်ဒပ် ကျောက်ကပ် ဝေဒနာကြောင့် လန်ဒန်မှာရှိတဲ့ ဂရိတ်ထ်အော်မွန်းစထရိထ်ဆေးရုံမှာ တက် ရောက်ခဲ့ရတဲ့အချိန်ဖြစ်ကြောင်း ရင်ဖွင့်ခဲ့ပါတယ်။



ဒပ်က ''ကျွန်တော့်ဘဝမှာ ကမ်းမမြင်လမ်းမမြင်ဖြစ်ခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ မှောင်မိုက်တဲ့အချိန်ဆိုတာ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တွေထဲကမှာ အဆိုးရွားဆုံးအချိန်ကတော့ သမီးဆေးရုံတက်ခဲ့ရတဲ့အချိန် ပါပဲ''လို့ ''The Graham Norton Show''ရုပ်သံအစီအစဉ်မှာ ဖွင့်ဟခဲ့တာပါ။


သမီးဖြစ်သူဆေးရုံတက်ရတဲ့အချိန်မှာ ဒပ်က သည်းထိတ်ရင်ဖိုရုပ်ရှင် ''Sweeney Todd'' ကို ရိုက်ကူးနေတဲ့အချိန်ဖြစ်လို့ အနားမှာမရှိခဲ့ပါဘူး။ ဒါပေမယ့် သမီးဆေးရုံတက်ခဲ့ရတဲ့ ကိုးရက်တာအချိန်အတွင်းမှာတော့ ဆေးရုံကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပါတယ်။ အဲဒီလိုဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့တာ ကနေ သူသိရှိလိုက်ရတဲ့အရာက နေထိုင်မကောင်းဖြစ်နေတဲ့ကလေးတွေ အတွက် သူတို့ကိုလာရောက်အားပေးခြင်းဟာ ဖော်မပြနိုင်တဲ့ပျော်ရွှင်မှု တွေကို ဖန်တီးပေးနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့်ဒပ်ဟာ နောင်တစ်ချိန်မှာ သူ့ရဲ့ ဂျက်စပဲရိုးဝတ်စုံကိုဝတ်ဆင်ပြီး သြစတြေးလျမှာရှိတဲ့ ကလေးဆေးရုံကို သွားရောက်ကာ ဆေးကုသမှုခံယူနေရတဲ့ ကလေးတွေနဲ့တွေ့ဆုံကာ အားပေး ဖြစ်ခဲ့ပါတယ်။ ယခုလို ကလေးတွေနဲ့တွေ့ဆုံဖို့ စိတ်ကူးကိုဖြစ်ပေါ်စေတာက သမီးဖြစ်သူ ဆေးရုံတက်ရောက်ခဲ့ရတာကြောင့်ပဲဖြစ်တယ်လို့လည်း မင်းသားက ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီးမင်းသားက သမီးဖြစ်သူအရွယ်ရောက်လာပေမယ့်လည်း သူ့အနေနဲ့ သမီးအတွက် အမြဲပူပန်နေမိကြောင်းနဲ့ သားသမီးတွေ ဘယ်အရွယ်ပဲ ရောက်ရောက် စိတ်မချနိုင်ဘဲ အမြဲစိုးရိမ်နေတတ်ခြင်းဟာ မိဘတွေရဲ့ သဘာဝ ပဲဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။


အေးပြည့် - ရေးသားသည်။

No comments:

Post a Comment