Thursday, December 3, 2015

ယခုနှစ် ပြင်ဦးလွင်မြို့သို့ လည်ပတ်သူအများစု နောင်ချိုမြို့ ဂုတ်ထိပ်တံတားလေ့လာရေးခရီးသစ်သို့ သွားလာမှုများလာ


သတင်း- မျိုးဝင်းထွန်း(မုံရွာ)
ဓာတ်ပုံ-အင်တာနက်


ပြင်ဦးလွင် ဒီဇင်ဘာ ၂


ယခုနှစ် ကထိန်ရာသီတွင် မုံရွာမြို့မှ ပြင်ဦးလွင်မြို့အနီး ဘုန်းတော်ကြီးကျောင်းများသို့တန်ဆောင်တိုင် မီးပုံးပျံပွဲသွားရင်း ကထိန်အလှူကို ပြုလုပ်ကြရာ ခရီးစဉ်သစ်အဖြစ် နောင်ချိုမြို့အနီး သဘာဝအလှများဖြင့် တည်ရှိနေသော ဂုတ်ထိပ် တံတားကြီးသို့ သွားရောက်လေ့လာမှုများကြောင်း သိရသည်။


နောင်ချိုမြို့အနီးတွင် တည်ရှိသော ဂုတ်ထိပ် တံတားရှုခင်းကိုခံစားရင်း မကြာမီက ခွင့်ပြုထား သော တံတားကြီးပေါ် တက်ရောက်လေ့လာမှုများ လည်း ပြုလုပ်ကြသလို နောင်ချိုမြို့မှ ဂုတ်ထိပ် တံတားသီးသန့်လေ့လာနိုင်ရန် လူ ၂ဝ ဆံ့ ရထား ဖြင့် ပို့ဆောင်ဝန်ဆောင်မှုပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။ ထိုသို့ဝန်ဆောင်မှုပြုရာတွင် ခရီးသွားတစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ဖြင့် လူဦးရေ ၂ဝ ပြည့်မှ ဂုတ်ထိပ်တံတားလေ့လာခြင်းခရီးကို နောင်ချိုမြို့မှ ထွက်ခွာပေးခြင်းဖြစ်သည်။


''ပြင်ဦးလွင်ကနေ နောင်ချိုကို ကားလမ်း ကောင်းတာကြောင့် ခဏပဲသွားရပါတယ်။ ဂုတ်ထိပ် တံတားကိုတော့ ခြေကျင်အနည်းငယ်သွားရင် ရောက်ပါတယ်။ အရင်က တံတားပေါ်တက် လမ်းလျှောက်လေ့လာခွင့်မပြုပါဘူး။ ခွင့်ပြုတာ မကြာသေးတော့ ဂုတ်ထိပ်ပေါ်လမ်းလျှောက်ပြီး ရှုခင်းကြည့်ချင်တဲ့သူတွေ များလာတာ တွေ့ရပါ တယ်။ အရသာကတော့ ရှုခင်းက အလွန်လှတာရော မြင့်မားလှတဲ့တံတားကြီးပေါ် အသည်းတအေးအေး သွားရတာတွေဟာ ခံစားမှုအသစ်ကို ရရှိစေတာ အမှန်ပါ။ ဒါပေမယ့် တံတားကြီးပေါ် လမ်းလျှောက် သွားရတာ ကြောက်တတ်သူတွေ၊ နှလုံးမကောင်းတဲ့ သူတွေအတွက် မကောင်းပါဘူး။ လမ်းလျှောက် မသွားဘဲ နောင်ချိုကနေ တံတားအတွက် သီးသန့် ပြေးပေးတဲ့ရထားကို စောင့်စီးတာအကောင်းဆုံးပါ ပဲ''ဟု မုံရွာမြို့မှ ပြင်ဦးလွင်တွင် ကထိန်ခင်းအလှူ ပြုရင်း ဂုတ်ထိပ်တံတားလေ့လာခဲ့သူ လူငယ် တစ်ဦးက ပြောသည်။


ကထိန်ရာသီ တန်ဆောင်မုန်းလပြည့်ဝန်းကျင် က မုံရွာမြို့မှ တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံး ပျံပွဲနှင့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲများ သို့အနယ်နယ်အရပ်ရပ်မှလာရောက်မှုများပြားပြီး မုံရွာမြို့မှလည်း သွားလာမှုများပြားခဲ့ရာ လူ ၃ဝ ကျော်ဆံ့ မှန်လုံခရီးသည်တင်ယာဉ်တစ်စီး ကျပ် တစ်သိန်းဖြင့် ကိုယ့်ဆီကိုယ်ထည့်အစီအစဉ်ဖြင့် အငှားလိုက်များခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသားဥယာဉ်ကြီးအတွင်း ပန်းပွဲတော်ကို ကျင်းပတော့မည်ဖြစ်ရာ ဆောင်းရာသီ၏ အအေး ဆုံးလဖြစ်သောကြောင့် အအေးသက်သာစေမည့် မှန်လုံယာဉ်အကြီးအသေးများ အငှားသွက်ဦးမည်မှာ သေချာကြောင်း၊ ကြိုတင်ငှားထားသူများ များပြား ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment