Tuesday, December 29, 2015

ပခုက္ကူ၌ ကြက်သွန်နီအသစ်ပေါ်၍ ဈေးနှုန်းများကျဆင်း




ပခုက္ကူ ဒီဇင်ဘာ ၂၈


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ တွင် ယခုရက်ပိုင်းအတွင်း ကြက်သွန်နီ များ အသစ်ဝင်ရောက်လာပြီဖြစ်၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရ သည်။



ပခုက္ကူမြို့သည် ကြက်သွန်နီ ပေါ်ချိန် ကားကြီး၊ ကားငယ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ပခုက္ကူမြို့ နှင့် အနီးဝန်းကျင်မြို့များသည် ကြက်သွန်နီကို အားထားလုပ်ကိုင် ကြပြီး တောင်သူများအနေဖြင့် ကုန် များကို ကြာရှည်စွာ လှောင်မထားဘဲ အခုရ အခုရောင်းစနစ်ဖြင့် ရောင်းချ ကြကြောင်း သိရသည်။
''ကျွန်မတို့ တောင်သူတွေက ကြက်သွန်ကို ပေါ်ပေါ်ချင်းပဲရောင်း ရတာပါ။ ကြက်သွန်နီကို ကြာရှည် လှောင်မထားနိုင်ပါဘူး။ ကြာရှည် ထားရင် ပုပ်မှာစိုးတာရယ်၊ နောက်ပြီး ပြန်စိုက်မယ့် သီးနှံအတွက် စိုက်ပျိုးဖို့ အရင်းအနှီးလိုတဲ့အတွက် ဈေးနည်း လည်း ရောင်းရပါတယ်။ တောင်သူ ပေါ်လာရင် ဈေးကျတာပါပဲ။ ကုန်သည်တွေလက်ထဲ ရောက်ရင် ဈေးကပြန်ကောင်းတယ်။ တစ်နှစ်စာ တစ်နှစ် ငွေပိုဖို့ အတော်ခဲယဉ်းပါ တယ်။ ကျွန်မတို့ မိုးကြက်သွန် ပေါ်မှ ကြက်သွန်ဈေးကလည်း ကျသွားပါ တယ်''ဟု ကြက်သွန်စိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။


ကြက်သွန်ရောင်းသူ တစ်ဦးက လည်း ''ကျွန်မကတော့ ကြက်သွန်နီ အသစ်ကိုပဲ ဝယ်ပြီးပြန်ရောင်းပါတယ်။ တစ်နိုင်တစ်ပိုင်ဆန်ကောနဲ့ပဲ ထည့်ပြီး ရောင်းတယ်။ တစ်ပိဿာ ငွေကျပ် ၈ဝဝ နှုန်းဝယ်ပြီး ငွေကျပ် ၁ဝဝဝ နှုန်းနဲ့ ပြန်ရောင်းပါတယ်။ ဒီရက်ပိုင်း မှာ ကြက်သွန်နီဈေးက ကျနေပါတယ်''ဟု ပြောသည်။


ကြက်သွန်နီစိုက် တောင်သူများ အနေဖြင့် ကြက်သွန်နီရကြသော်လည်း ဈေးကောင်းမရဖြစ်ပြီး တောင်သူများ ညည်းတွားလျက်ရှိကြောင်း သိရ သည်။

ကျော်ဌေး(ညောင်ဦး)

No comments:

Post a Comment