Wednesday, December 30, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


တိုင်းရင်းဆေးဖြင့် ကျန်းမာရေးမြှင့်တင်

မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် ''နွယ်မြက် သစ်ပင် ဆေးဖက်ဝင်'' ဟူသော စကားအတိုင်း တောတောင် ရေမြေတို့၌ ရှားပါးစွာပေါက်ရောက်သော သစ်ပင်၊ ပန်းမန်တို့၏ အဖူး၊ အပွင့်၊ အခေါက်၊ အမြစ်၊ သစ်ဥ၊ သစ်ဖုတို့ရှိ သဘာဝ အစွမ်းသတ္တိတို့ကို အခြေခံကာ ဆေးဝါးများအဖြစ် စီမံဖော်စပ်၍ ပြည်သူများ ကျန်းမာရေးကို တစ်ပိုင်တစ်နိုင် ကုသစောင့်ရှောက် ပေးခဲ့ရာမှ ယခုအခါ တိုင်းရင်းဆေးများ စီးပွားဖြစ်အမြောက်အမြား ထုတ်လုပ်လျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် များစွာ အထောက်အကူပြုလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အစွမ်းထက်သော တိုင်းရင်းဆေးစွမ်း ကောင်းများ ဖော်ထုတ်ပြီး ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် တိုင်းရင်းဆေးသမား တော်များ ညီလာခံကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် (၁၆)နှစ်ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးမှ တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးလုပ်ငန်းရှင်များသည် တစ်နေရာတည်းတွင် စုဝေး၍ တိုင်းရင်း ဆေးများ၏ အစွမ်းထက်အသုံးဝင်မှုအပေါ် ဆွေးနွေးခြင်း၊ နှီးနှော ဖလှယ်ခြင်းတို့ဖြင့် တစ်နှစ်ထက်တစ်နှစ် တိုင်းရင်းဆေးစွမ်းကောင်း များ ပေါ်ထွက်လာလျက်ရှိသည်။ ဤသို့ တိုင်းရင်းဆေးဝါးနှင့် တိုင်းရင်းဆေးနည်းပညာများ၊ ကုထုံးများ တိုင်းရင်းဆေးညီလာခံ ကြီးမှတစ်ဆင့် ပေါ်ထွက်လာမှုနှင့်အတူ ပြည်သူများအနေဖြင့်လည်း တိုင်းရင်းဆေးများကို ယုံကြည်စွဲမြဲစွာ သုံးစွဲလာလျက်ရှိပါသည်။
အင်္ဂလိပ်ဆေးဝါးများ မည်မျှပင် အစွမ်းထက်စေကာမူ အိမ်တိုင်းအိမ်တိုင်းတွင် မြန်မာ့တိုင်းရင်းဆေးများကို လူးဆေး၊ လိမ်းဆေး၊ ရှူဆေးတို့အပြင် သောက်ဆေးအဖြစ်လည်း စွဲမြဲစွာ သုံးစွဲလျက်ရှိပါသည်။ အင်္ဂလိပ်ဆေးဝါးများသည် ရေရှည်စွဲသောက် လျှင် ဘေးထွက်ဆိုးကျိုးကို ခံစားကြရသည်။ တိုင်းရင်းဆေးမှာမူ ရေရှည်စွဲသောက်လေ ကျန်းမာရေးအတွက် အထောက်အကူပြုလေ ဖြစ်ပါသည်။ တိုင်းရင်းဆေးဝါးသည် ပုံမှန်သုံးစွဲရသော ဆေးဝါး အမျိုးအစားဖြစ်ပါသည်။
တိုင်းရင်းဆေးဝါးများကို နိုင်ငံတိုင်းတွင် သုံးစွဲလျက်ရှိ ပါသည်။ တစ်နည်းအားဖြင့် တိုင်းရင်းဆေးဝါးများသည် ခေတ်မီ ဆေးဝါးများ မပေါ်ပေါက်မီကပင် နိုင်ငံအသီးသီးတို့၌ သုံးစွဲနေကြ ခြင်းဖြစ်ပါသည်။ ရှေးအခါကလည်း သုံးစွဲနေကြသလို ယခုလည်း သုံးစွဲနေကြဆဲဖြစ်ပါသည်။ နိုင်ငံတိုင်းက တိုင်းရင်းဆေးသမား တော်များသည် မိမိနိုင်ငံ၊ မိမိလူမျိုးတို့အား တိုင်းရင်းဆေးစွမ်း ကောင်းများ တီထွင်ဖော်စပ်၍ ကုသစောင့်ရှောက်မှုများကို ဆောင်ရွက်နေကြဆဲဖြစ်ပါသည်။ ထို့အတူ မြန်မာ့တိုင်းရင်းဆေး သမားတော်များကလည်း ဆေးစွမ်းကောင်းများကို ခေတ်မီ နည်းပညာနှင့် ပေါင်းစပ်ကာ အကောင်းဆုံးဆေးဝါးများအဖြစ် ဖော်ထုတ်လျက် ပြည်သူ့ကျန်းမာရေးကို ထိရောက်စွာစောင့်ရှောက် ပေးလျက်ရှိပါသည်။
သို့ဖြစ်၍ ယခုကဲ့သို့ တိုင်းရင်းဆေးသမားတော်ညီလာခံကို နှစ်စဉ် ကျင်းပခြင်းဖြင့် တိုင်းရင်းဆေးညီလာခံကြီးမှတစ်ဆင့် တိုင်းရင်းဆေးသမားတော်အချင်းချင်း အတွေ့အကြုံများ ဖလှယ်ကာ တိုင်းရင်းဆေးစွမ်းကောင်းများ ပိုမိုဖော်ထုတ်လာနိုင်ပြီး တိုင်းရင်း ဆေးအသုံးပြုလျက် ပြည်သူ့ကျန်းမာရေးကို ထိရောက်စွာ ပိုမို ကုသစောင့်ရှောက်မှုများ မြှင့်တင်သွားနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment