Sunday, November 29, 2015

ငွေဈေးအတက်အကျ Smooth ဖြစ်စေဖို့ကိုတော့ နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့်ဈေးကွက်အတွင်းကို နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီး ရောင်းပေးနေပါတယ်




The Mirror Daily's photo.


ဦးဆက်အောင်(ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေများကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ရန် လုပ်ဆောင်နေခြင်းတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် မြန်မာ့သတင်းစဉ်အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည် -

မေး။ ။အခုတလော မီဒီယာတချို့မှာပါလာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နားလည်မှုအမျိုးမျိုးဖြစ်နေခဲ့ပါတယ်။ စီးပွားရေးတိုးတက်နေလို့ ငွေကြေးဖောင်းပွမှု ဖြစ်လာတယ်ဆိုတဲ့ ကိစ္စလေးကို ရှင်းပြစေချင်ပါတယ်။

ဖြေ။ ။ငွေကြေးဖောင်းပွမှုဖြစ်နိုင်တဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ငွေကြေးဖောင်းပွမှုဖြစ်ရခြင်း အကြောင်းအမျိုးမျိုးအနက်က စီးပွားရေးတိုးတက်မှုနှုန်း (GDP growth rate) မြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှု ဖြစ်လာစေနိုင်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါကို အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)က နိုင်ငံတကာပညာရှင်တွေကလည်း ပြောခဲ့ပါတယ်။
GDP growth rate အလွန်မြင့်တက်လာရင် စီးပွားရေးတိုးတက်မှု၊ အပူချိန် ပြင်းထန်မှု (Economic overheating) ဖြစ်ပြီး ငွေကြေးဖောင်းပွမှု ပိုဖြစ် စေနိုင်ပါတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှုနှုန်း မြင့်တက် မှုနည်းသွားပါတယ်။ တချို့တိုးတက်ပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အီးယူဒေသတွေမှာ ငွေကြေးဖောင်းပွမှု အရမ်းနည်းတဲ့အတွက် ငွေကြေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေသုံးပြီး ငွေကြေးဖောင်းပွမှုကို အနည်းဆုံး နှစ်ရာခိုင်နှုန်းလောက်ရောက်အောင် ကြိုးစားနေကြရပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားလေ့ရှိတဲ့အတွက် ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပါတယ်။ အဲဒါကြောင့် တိုးတက်ပြီး နိုင်ငံအများစုမှာ ငွေကြေးဖောင်းပွမှုမြင့်တက်စေဖို့ ကြိုးစားကြရပြီး တိုးတက်ဆဲနိုင်ငံအများစုမှာ ငွေကြေးဖောင်းပွမှုကိုလျှော့ချဖို့ ကြိုးစားကြ ရပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်တက်စေနိုင်တဲ့ အချက်တွေအများကြီးထဲမှာ ဘဏ်ကြွေးနှုန်း (Credit growth) မြင့်တက်မှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ဘတ် ဂျက်လိုငွေဖြည့်ဆည်းမှု စတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဥပမာ-မြန်မာ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ငွေအရင်းအနှီး လိုအပ်ပါတယ်။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးမှုမရှိသေးတဲ့အချိန်မှာ ငွေအရင်းအနှီးကို ရနိုင်တဲ့နည်းက ဘဏ်ချေးငွေ ဖြစ်ပါတယ်။

ဘဏ်ချေးငွေ လွယ်လွယ်နဲ့ များများရနိုင်ရင် စီးပွားရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဏ်ချေးငွေနှုန်း မြင့်တက်လာတာက ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုက ဆန့်ကျင်ဘက် ဖြစ်လာတတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်စွာမြင့်တက်လာခြင်းက တည်ငြိမ်မှုကို ထိခိုက်လာတတ်တာကြောင့် အဲဒီနှစ်ခုကို ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့လိုပါတယ်။

ဘတ်ဂျက်လိုငွေက တိုးတက်ပြီးနိုင်ငံတွေမှာ ပိုများပါတယ်။ အမေရိကန် နိုင်ငံမှာ ၂ဝဝ၉ ခုနှစ်က ဘတ်ဂျက်လိုငွေ ဒေါ်လာ ၁၄ဝဝ ဘီလီယံကျော် GDP ရဲ့ ၉ ဒသမ ၈ ရာခိုင်နှုန်း) ရှိခဲ့ပြီး အဲဒီလိုငွေကို အထူးလျှော့ချလာပေမယ့်၊ ၂ဝ၁၅ ခုနှစ်မှာ ဒေါ်လာ ၅၈ဝ ဘီလီယံကျော် (GDP ရဲ့ ၃ ဒသမ ၂ ရာခိုင် နှုန်း)ရှိနေပါသေးတယ်။ ဂျပန်နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေက GDP ရဲ့ ၁ဝ ရာခိုင်နှုန်း ဝန်းကျင်မှာရှိနေပြီး ၂ဝ၁၅ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၈ဝဝ ကျော် ရှိလာပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ရင်းနှီးမြှုပ်နှံ မှုတွေများပြီး ဘတ်ဂျက်လိုငွေ ရှိလာတတ်ပါတယ်။ ဒါပေမဲ့ အကျိုးရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လိုပါတယ်။ စီးပွားရေး တွက်ခြေကိုက်မယ့် စီမံကိန်း လုပ်ငန်းတွေကို Private Public Partnership (PPP) ပုံစံနဲ့ အကောင်အထည် ဖော်ဆောင်မှုတွေ လုပ်ရပါမယ်။

အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း PPP စနစ်ကို ပွင့်လင်းမြင်သာစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ PPP မူဘောင်တွေရှိဖို့လိုပြီး ဖိလစ်ပိုင်နိုင်ငံ မှာလို PPP စင်တာမျိုး ဖွဲ့စည်းတည်ထောင်ဖို့လည်း လိုအပ်ပါတယ်။

ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ငွေကြေးဈေးကွက် ရှိဖို့ လိုအပ်ပါတယ်။ အခက်အခဲက အဲဒီက စတာပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့ ဈေးကွက်ကို တည်ဆောက်ဖို့အဆင့် တစ်ခုပြီးတစ်ခုကျော်ဖြတ်ဖို့လိုပြီး အဆင့်ကျော်လို့ မရနိုင်ပါဘူး။ ပထမဦးဆုံး T - bills တွေကို အီလက်ထရွန် နစ်ပုံစံ (Scripless ပုံစံ) ပြောင်းပြီးပါပြီ။ ပြီးတော့ T-bills လေလံကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလေလံမှာ T-bonds တွေပါ ပါဝင်လာနိုင်ဖို့ လက်ရှိ T-bonds တွေကို မကြာခင်အချိန်အတွင်းမှာ အီလက်ထရွန်နစ်ပုံစံပြောင်းဖို့ စီစဉ် ထားပါတယ်။ အဲဒီ T-bills/T-bonds လေလံအောင်မြင်မှသာ သက်တမ်း အမျိုးမျိုးအတွက် ဈေးကွက်က သတ်မှတ်တဲ့ အတိုးနှုန်း (Yields at Different maturities)တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့မှ Yield Curve ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Yield Curve ရရှိမှသာ Swap/Forward ဈေးကွက်ကို တည်ထောင်နိုင်မှာဖြစ်ပါတယ်။

အဲဒီ T-bills/T-bonds လေလံ အောင်မြင်လာတဲ့အချိန်မှာ ငွေကြေး ဖောင်းပွမှုကို တိုက်ရိုက်ဖြစ်ပေါ်စေခြင်းမရှိတဲ့ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီလေလံကို နိုင်ငံခြားဘဏ်တွေ ဝင်လာနိုင်ရင်တော့ အချိန်တိုအတွင်း ပိုမိုအောင်မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံခြားဘဏ်တွေ ဝင်လာနိုင်ဖို့ Currency Swap ဈေးကွက်အရင်ရှိဖို့လိုပါတယ်။ Currency Swap ဈေးကွက်ဆိုတာက နိုင်ငံခြားငွေကို Spot ဈေးကွက်မှာ မြန်မာကျပ် ငွေနဲ့လဲပြီး အနာဂတ်မှာ သတ်မှတ်ဈေးနှုန်းနဲ့ နိုင်ငံခြားငွေကို ပြန်လည် ဝယ်ယူနိုင်မယ့် ဈေးကွက်ပဲ ဖြစ်ပါတယ်။

အဲဒါမှ နိုင်ငံခြားဘဏ်တွေက ယင်းတို့ရဲ့ နိုင်ငံခြားငွေများကို မြန်မာ ကျပ်ငွေနဲ့လဲပြီး T-bills/T-bonds လေလံမှာ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ T-bills/T-bonds လေလံကတစ်ဆင့် ဘတ်ဂျက်လိုငွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တဲ့အချက်ဟာ ငွေကြေးဖောင်းပွမှု လျှော့ချရေးအတွက် အများကြီး အထောက်အကူဖြစ်သွားနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Repo (Repurchase) ဈေးကွက်ကို တည်ထောင် နိုင်ဖို့ လိုပါတယ်။ ဘဏ်အချင်းချင်း အသုံးပြုတဲ့ ဈေးကွက် (Interbank money market) ဖွံ့ဖြိုးဖို့ရော ငွေကြေးမူဝါဒအတွက်ပျွါနစသ ဈေးကွက်က အသုံးဝင်ပါတယ်။ Repo ဈေးကွက်အောင်မြင်လာရင်တော့ ငွေကြေးမူဝါဒကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှုကို ငွေကြေးမူဝါဒ (Monetary Policy) ဘက်ခြမ်းက ထိရောက်အောင် လျှော့ချပေးနိုင်ပါလိမ့်မယ်။

မေး။ ။ငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အပေါ်မှာ ဘယ်လို ထင်မြင် ချက်ရှိပါသလဲ။

ဖြေ။ ။ငွေလဲနှုန်းမြင့်တက်တာဟာ သာမန်အပေါ်ယံအနေနဲ့ ပြောရရင် ဒေါ်လာဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပါတယ်။ အဲဒီဒေါ်လာ ဝယ်လိုအားနဲ့ ရောင်းလိုအားဟာ ဈေးကွက်ထဲမှာရှိတဲ့ မြန်မာကျပ်ငွေ Liquidity ပေါ်မူတည်ပါတယ်။ မြန်မာကျပ်ငွေ Liquidity များရင် ငွေကြေးဖောင်းပွမှု ရှိလာနိုင်ပြီး မြန်မာကျပ်ငွေ ရောင်းလိုအား (Kyat Supply) သို့မဟုတ် ဒေါ်လာဝယ်လိုအား (Dollar Demand)ကို တက်လာစေပါတယ်။ Inflation Adjust လုပ်ထားတဲ့ Real Effective Exchange Rate က အတက်အကျ တည်ငြိမ်မှုရှိပြီး Nominal exchange rate မအေန လို့ခေါ်တဲ့ အားလုံးသိတဲ့ ငွေလဲနှုန်းဟာ ကျဆင်းနေတဲ့အတွက် ငွေကြေးဖောင်းပွမှုမြင့်မားခြင်းက မြန်မာကျပ်ငွေကျဆင်းမှုရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ သိနိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က နိုင်ငံတကာပညာရှင် တွေကလည်း ဒီအတိုင်းပဲ သုံးသပ်ကြပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကြေး ဖောင်းပွမှုမြင့်တက်တာကို အဓိကထိန်းရမှာ ဖြစ်ရပါတယ်။ ငွေဈေး အတက် အကျ Smooth ဖြစ်စေဖို့ကိုတော့ နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့် ဈေးကွက်အတွင်းကို နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီး ရောင်းပေးနေပါတယ်။
အခြားနိုင်ငံတွေမှာ ဘဏ်တစ်ခုနဲ့တစ်ခု တိုက်ရိုက်ရောင်းဝယ်တဲ့ Multilateral FX interbank ဈေးကွက်က ဖွံ့ဖြိုးပြီးဖြစ်တဲ့အတွက် ရည်ညွှန်းငွေလဲနှုန်းကို ဗဟိုဘဏ်တွေက သတ်မှတ်တဲ့အခါ Interbank ဈေးကွက်မှာ ဘဏ်တစ်ခုနဲ့တစ်ခု နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနဲ့ ပမာဏကိုမူတည်ပြီး ပျမ်းမျှ (Weighted average) ကို တွက်ချက်ပြီး ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်တွေရဲ့ ရည်ညွှန်းငွေလဲနှုန်းက ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းတွေကို ပျမ်းမျှတွက်ချက် ထုတ်ပြန်တာဖြစ်တဲ့အတွက် ဈေးကွက်ငွေလဲနှုန်းကို ကိုယ်စားပြုပါတယ်။ ဗဟိုဘဏ်တစ်ခုအနေနဲ့ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ငွေလဲလှယ်နှုန်းကိုမကြိုက်ရင် ဘဏ်တစ်ခုကို Agent ဘဏ်တစ်ခုအဖြစ်ခန့်အပ်ပြီး Interbank ဈေးကွက်ကတစ်ဆင့် နိုင်ငံခြားငွေ ရောင်းတာ၊ဝယ်တာတွေ ပြုလုပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်ကလည်း ဈေးကွက်နှုန်းကိုကိုယ်စားပြုတဲ့ ရည်ညွှန်းငွေလဲလှယ် နှုန်းကို နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့် နေ့စဉ်သတ်မှတ်ပေးပါတယ်။ Interbank ဈေးကွက်မဖွံ့ဖြိုးသေးတဲ့အတွက် ငွေလဲနှုန်းအတက်အကျ Smooth ဖြစ်စေဖို့ နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့်သာ အရောင်းအဝယ် ပြုလုပ် လျက်ရှိပါတယ်။
မေး။ ။နိုင်ငံတကာပညာရှင်တွေနဲ့ရော တိုင်ပင်တာမျိုး ရှိပါသလား။

ဖြေ။ ။ကျွန်တော်အခု ပြောခဲ့တာတွေအားလုံးက ကျွန်တော့်ရဲ့ ထင်မြင် ယူဆချက်တွေထက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ကူညီပေးနေတဲ့ နိုင်ငံတကာပညာရှင်တွေ ပြည်တွင်းပြည်ပအကြံပေး အဖွဲ့တွေနဲ့အတူတူ ပေါင်းစည်း ဆွေးနွေးတိုင်ပင် သုံးသပ်ဆောင်ရွက်ထားပြီး ဒါမှမဟုတ် ဆက်လက် ဆောင်ရွက်မယ့်အချက်တွေ ဖြစ်ပါတယ်။

အခုအချိန်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၊ ဂျာမနီနိုင်ငံ giz စတဲ့အဖွဲ့အစည်းတွေက နိုင်ငံတကာပညာရှင်ပေါင်းစုံကိုစေလွှတ်ထားပြီး အဲဒီပညာရှင်တွေနဲ့ ရုံးခန်းအတူထိုင်ပြီး သုတေသနတွေလုပ် သုံးသပ်တိုင်ပင်ပြီး ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် အခုအချိန်အထိ အခက်အခဲပေါင်းများစွာနဲ့ စိန်ခေါ်မှုပေါင်း များစွာ ရှိနေပါသေးတယ်။ ကျွန်တော်တို့အားလုံးရဲ့ စွမ်းရည်(Capacity)ကိုလည်း အများကြီးမြှင့်တင်ဖို့လိုပါသေးတယ်။

No comments:

Post a Comment