Sunday, November 29, 2015

ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချသွားမည့် ထရန်စဖော်မာများ ဂျပန်-မြန်မာ ပူးပေါင်းထုတ်လုပ်မှုစတင်



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၂၈

ပြည်တွင်း ဈေးကွက်သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသွားမည့် ထရန်စဖော်မာများကို ဂျပန် နည်းပညာကုမ္ပဏီကြီး ဖြစ်သည့် ဟီတာချီကုမ္ပဏီနှင့် ပြည်တွင်းထရန်စဖော်မာ ကုမ္ပဏီတစ်ခုဖြစ်သည့် SOE Electric & Machinery တို့ပူးပေါင်းထုတ်လုပ်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဟီတာချီကုမ္ပဏီနှင့် SOE Electric & Machinery တို့ ပူးပေါင်း ဆောင်ရွက်မှုတွင် ပြည်တွင်းလိုအပ် ချက်သာမက အာဆီယံဒေသတွင်း နိုင်ငံများသို့ပါ ထုတ်လုပ်တင်ပို့ရန် ရည်ရွယ်ထားပြီး ပြည်တွင်း၌ ထုတ်လုပ်သွားမည်ဖြစ်သောကြောင့် ပြည်ပမှ တင်ပို့နေရမှုကိုလည်း လျှော့ချသွားနိုင်မည်ဟု သိရသည်။

ကုမ္ပဏီနှစ်ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပြီး ဟီတာချီကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်းနှင့် စိုးအီလက်ထရွန်နစ် ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဖြင့် Hitachi SOE Electric & Machinery ကုမ္ပဏီ ထူထောင်ကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်ကို ယခုနှစ်အတွင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ စတင်ကာ လုပ်ငန်းများ စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟီတာချီကုမ္ပဏီသည် ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော်ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး အီလက်ထရွန်နစ်၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးစနစ်များ၊ ဆောက်လုပ်ရေးနှင့် နည်းပညာ အရည်အသွေးမြင့် စက် ပစ္စည်းများ၊ စက်အစိတ်အပိုင်းများ စသည့်ကဏ္ဍများကို လုပ်ကိုင် ဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။ SOE Electric & Machinery ကုမ္ပဏီအနေဖြင့် လျှပ်စစ်ထုတ်ဝေဖြန့်ဖြူးရေးဆိုင်ရာ ထရန်စဖော်မာများ ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ချိနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာကျော် နယ်သာလန်နိုင်ငံမှ ထရန်စဖော်မာ ထုတ်လုပ်မှုထောက်ခံချက် ပေးသောအဖွဲ့မှ အသိအမှတ်ပြုခံ ထားရသော ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြည်တွင်း ပြည်ပကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတကာအတွေ့ အကြုံနှင့် နည်းပညာများလည်း ရရှိလာနိုင်မည်ဟု သိရသည်။ လက်ရှိတွင် ဝန်ထမ်းပေါင်း ၄ဝဝ ကျော်အား အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်ခဲ့ကြောင်းသိရသည်။ (ဝဝ၁)

No comments:

Post a Comment