Tuesday, November 3, 2015

One Direction၏ အနားမယူမီနောက်ဆုံးဖျော်ဖြေပွဲ ပြုလုပ်




ဗြိတိန်အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ''One Direction''သည် ဂီတနှင့်ပတ်သက်သည့် လှုပ်ရှားမှု များကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အနားမယူမီ နောက်ဆုံးသောတေးဂီတ ဖျော်ဖြေပွဲကို ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည်။
အင်္ဂလန်နိုင်ငံ ရှက်ဖီးကွင်းအတွင်းပြုလုပ်ခဲ့သည့် ယင်းဖျော်ဖြေပွဲသည် အဖွဲ့၏နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်း နောက်ဆုံးသောပွဲစဉ်လည်း ဖြစ်သည်။
ယင်းဖျော်ဖြေရေးပွဲစဉ်အတွင်း ''One Direction''သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂ဝ တွင် ဖျော်ဖြေရေး ပွဲစဉ်ပေါင်းရှစ်ဆယ်ကျော် ပြုလုပ်ခဲ့သည်။ နောက်ဆုံးပွဲတွင် အဖွဲ့ဝင်များဖြစ်ကြသည့် လီယမ်ပိန်း၊ နေးလ်ဟော်ရန်၊ လူးဝစ် တွန်လစ်စန်နှင့် ဟယ်ရီစတိုင်တို့လေးဦးသည် ပရိသတ်နှင့်တရင်းတနှီးနှုတ်ဆက်ခဲ့ပြီး နှစ်နာရီနီးပါးကြာအောင် တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။
ဖျော်ဖြေပွဲအတွင်း နေးလ်က သူ့အနေဖြင့်အဖွဲ့၏ ပထမဦးဆုံးသော ပရိသတ်ရှေ့တွင် ဖျော်ဖြေခွင့်ရခဲ့သည့်ပွဲကို သတိတရမှတ်မိနေကြောင်း၊ စကော့တလန်နိုင်ငံရှိ နိုက်ကလပ်တစ်ခုအတွင်းစတင်ဖျော်ဖြေခဲ့ရသည်မှာ ငါးနှစ်ခန့် ကြာခဲ့ပြီဖြစ်သော်လည်း မနေ့ကကဲ့သို့ပင်ခံစားရကြောင်း ပရိသတ်အား ရင်ဖွင့်ပြောကြားခဲ့သည်။
ဖျော်ဖြေပွဲအပြီးတွင်လည်း သူက ''ကျွန်တော်တို့အဖွဲ့ဖျက်သိမ်းလိုက်ပြီ၊ အနုပညာလှုပ်ရှားမှုတွေရပ်နားလိုက် ပြီဆိုတဲ့ သတင်းတွေကြားရရင်မယုံပါနဲ့။ ကျွန်တော်တို့ ခေတ္တပဲ ရပ်နားထားတာပါ''ဟု သူ၏အင်စတာဂရမ်စာမျက်နှာ မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။
အဖွဲ့ဝင်တစ်ဦးဖြစ်သော ဟယ်ရီကလည်း သူ့အနေနဲ့ လာရောက်အားပေးခဲ့သော ပရိသတ်ကြီးကို အထူးကျေးဇူး တင်ကြောင်း သူ၏ အင်စတာဂရမ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
''One Direction'' သည် အဖွဲ့၏လှုပ်ရှားမှုများရပ်နားထားမည့်အချိန်အတိုင်းအတာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြုပြောကြားခြင်းမရှိပေ။
အေးပြည့်ရေးသားသည်။

No comments:

Post a Comment