Tuesday, November 3, 2015

MFF U-13 Girls 100 PLUS Super Cup 2015 ချန်ပီယံဆု ဧရာဝတီတိုင်းဒေသကြီးအသင်း ဆွတ်ခူး





နေပြည်တော် နိုဝင်ဘာ ၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပ၍ 100 PLUS မှ အဓိကစပွန်ဆာ အဖြစ် ပံ့ပိုးကူညီသည့်MFF U-13 Girls 100 PLUS Super Cup 2015 တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသက် (၁၃) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ပဒုမ္မာအားကစား ကွင်း၌ ပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိပြီး ချန်ပီယံဆုဖလားအား ဆွတ်ခူးနိုင်ခဲ့ သည်။ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် တတိယနေရာလုပွဲတွင်မူ ရှမ်း(တောင်)က ပဲခူး(အရှေ့)ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး တတိယဆု ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ စတုတ္ထနေရာရ ပဲခူး(အရှေ့)အသင်းအား ဆုငွေ ကျပ် ၅ သိန်းကို အမျိုးသမီး ဘောလုံး ကော်မတီဝင် ဒေါ်မီးမီးကလည်းကောင်း၊ တတိယဆုရရှိသည့် ရှမ်း(တောင်)အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဌေး ဌေးခိုင်က ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်၁ဝ သိန်းကို လည်းကောင်း၊ ဒုတိယဆုရ ရန်ကုန် တိုင်းဒေသကြီးအသင်းကို အမျိုးသမီးဘောလုံး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပါယ်ကြည်က ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ပထမဆုရ ဧရာဝတီတိုင်းဒေသ ကြီး အသင်းကိုMFF အမှုဆောင် ဇွဲကပင် ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှဌေးက ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း ၂ဝ ချီးမြှင့် ခဲ့ပြီး ချန်ပီယံဆုဖလားကို အာဆီယံဘောလုံး အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမား များအား ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF U13 Girls 100 PLUS Super Cup 2015 ပြိုင်ပွဲအား အောက်တိုဘာ ၂၄ ရက်မှ စတင်ကာ နိုဝင်ဘာ ၁ ရက်အထိ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာ အဆင့် အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း အဆိုပါ ကစားသမားများ ဆက်လက်ယှဉ်ပြိုင် နိုင်ရေးအတွက် ယူ-၁၄ အဆင့်ပြိုင်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
မောင်မောင်ဇော်

No comments:

Post a Comment