Monday, November 2, 2015

လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်း



















နေပြည်တော် နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာသန်းအောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ရှိ မဟာသိဒ္ဓိဇယစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အဆိုပါစေတီတော်၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ကျွန်းစုမြို့သို့ ရောက်ရှိကြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မော်တော်ယာဉ်များဖြင့် ကျွန်းစု မြို့အတွင်း လှည့်လည်ကြည့်ရှုပြီး သံသရာအေးစေတီသို့ ရောက်ရှိရာ ဒေသခံပြည်သူများက လမ်းတစ်လျှောက် ဝဲယာမှ တစ်ခဲနက် ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သံသရာအေးစေတီအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဆိုပါစေတီတော်ရှိ ဓမ္မာရုံအတွင်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ များ၊ ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးမှာကြားကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် တနင်္သာရီမြို့သို့ ရောက်ရှိကြရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် တနင်္သာရီမြို့ရှိ ချောင်းကြီး ကျောင်းတိုက်သို့ ဆက်လက်ထွက်ခွာရာ ဒေသခံပြည်သူများက လမ်း တစ်လျှောက်ဝဲယာမှ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ချောင်းကြီးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တပညာဒီပအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဆိုပါကျောင်းတိုက်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တနင်္သာရီမြို့၌ နှစ်စဉ်ကျင်းပသည့် တနင်္သာရီ ရိုးရာ နဂါးလှေလှော်ပွဲတော်အား တက်ရောက်ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

တနင်္သာရီမြို့နယ်တွင် သစ်လုံးကြီးများကို နဂါးရုပ်ပုံထွင်း၍ လှေပြုလုပ်ပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သားစဉ်မြေးဆက် ထိန်းသိမ်းလှော် ခတ်ခဲ့သည်မှာ နှစ်ပေါင်း (၈၆၂)နှစ် တိုင် ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ ရိုးရာ နဂါးလှေပွဲတော်များကို ရဟန်းခံ၊ ရှင်ပြု၊ အလှူတော်မင်္ဂလာများ၊ ဘာသာရေးဆိုင်ရာပွဲတော်များနှင့် နေ့ကြီးရက်ကြီး အထိမ်းအမှတ် ပွဲများတွင် လှော်ခတ်ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ပုလောမြို့သို့ရောက်ရှိကြရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ပုလောမြို့အတွင်း လှည့်လည်ကြည့်ရှု ပြီး လယ်ဝိုင်းကျောင်းတိုက်သို့ ဆက် လက်ထွက်ခွာရာ ဒေသခံ ပြည်သူများက လမ်းတစ်လျှောက်ဝဲယာမှ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတသည် လယ်ဝိုင်း ကျောင်းတိုက်တွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ ပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။

နိုင်ငံတော်သမ္မတသည် မြိတ်၊ ကျွန်းစု၊ တနင်္သာရီနှင့် ပုလောမြို့နယ် များသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ တူညီသော ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများကို ကဏ္ဍအလိုက် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။

တည်ငြိမ်အေးချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးမှတစ်ဆင့်ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အတူ အုပ်ချုပ်ရေးပိုင်းတွင်လည်း ပြည်သူကိုဗဟိုပြုသည့်စနစ်ကို ပြောင်းလဲကျင့်သုံးပြီး စီးပွားရေးကဏ္ဍတိုးတက်စေရန် ပုဂ္ဂလိကအခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုအခြေခံ ကောင်းများကိုရရှိနေပြီဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက်ရရှိထားပြီးဖြစ်သော အခြေခံကောင်းများကို ဆက်လက်ရှင်သန်တိုးတက်အောင် ကြိုးပမ်းမြှင့်တင် ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများက လက်တွဲပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သောကြောင့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း လုံလုံခြုံခြုံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ပြည်သူလူထု အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိပြီး ထိုမှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းဖြင့် ဆက်လက်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment