Monday, November 2, 2015

အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ဝင်ပွဲ ကျင်းပ




The Mirror Daily's photo.


ညောင်ရွှေ နိုဝင်ဘာ ၁

နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီလှည့်လည်ကြွချီအပူဇော်ခံခဲ့သော အင်းလေးဖောင်တော်ဦးရုပ်ရှင် တော်မြတ်များသည် အောက်တိုဘာ ၃၁ရက် နံနက် ၈ နာရီတွင် ရေသာ ကျေးရွာစံကျောင်းတော်မှ ထာဝရ သီတင်းသုံးရာ ရတနာစံကျောင်းတော် သို့ ပြန်လည်ကြွချီ ပူဇော်ခံခဲ့ကြောင်း သိရသည်။

ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် များ ပင့်ဆောင်လာသော ကရဝိက် ဖောင်တော်သည် နံနက် ၉ နာရီတွင် ရတနာစံကျောင်းတော်ရှေ့သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများ က စံကျောင်းတော်ပေါ်သို့ ပင့်ဆောင် ပူဇော်ကြသည်။

ထို့နောက် ဖောင်တော်ဦးရုပ်ရှင် တော်မြတ်များကို ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

ဆက်လက်၍ စံကျောင်း တော်ဝင်ပွဲ အထိမ်းအမှတ် အင်းသားရိုးရာလှေ ပြိုင်ပွဲကိုကျင်းပရာ အမျိုးသားရာကျော် လှေပြိုင်ပွဲတွင် ရွာကြီး(ရှေ့)အသင်းက ပထမ၊ ကေလာ(နောက်)အသင်းက ဒုတိယ၊ အမျိုးသား ၄၆ တက်လှေပြိုင် ပွဲတွင် အိုင်ထောင့်ကြီးအသင်းက ပထမ၊ ဇရပ်ကြီးအသင်းက ဒုတိယ၊ အမျိုးသမီး ၂၆ တက်လှေပြိုင်ပွဲတွင် ညောင်ဝန်း(ရှေ့)အသင်းက ပထမ၊ သလဲဦးအင်းအသင်းက ဒုတိယရရှိခဲ့ ပြီး ဆုရအသင်းများနှင့် တစ်ဦးချင်း ခြေလှော်ဆုရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment