သိသာထင်ရှားသည့် ပြောင်းလဲမှု
ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ယနေ့ခေတ်ကာလတွင် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်မှုရှိလာသဖြင့် နိုင်ငံအတွင်းရှိ ကဏ္ဍအလိုက် တိုးတက်မှု၊ ဆုတ်ယုတ်မှုနှုန်းများကို အဖွဲ့အစည်းများက အညွှန်းကိန်းများဖြင့် သုံးသပ်ဆန်းစစ်ကာ ခန့်မှန်းအဖြေထုတ်လာကြသည်ကို တွေ့ရသည်။
အလုပ်အကိုင်ရရှိမှု၊ လူ့အခွင့်အရေးဖြစ်ထွန်းမှု၊ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ ကျန်းမာရေးတိုးတက်လာမှု၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေးအဆင့်အတန်း စသည်ဖြင့် အညွှန်းကိန်းအမျိုးမျိုးကို ကောက်ယူစစ်တမ်းထုတ် လာကြပါသည်။ တစ်ချိန်သောကာလက အဆင်းရဲဆုံးနိုင်ငံအဆင့်၊ လူ့အခွင့်အရေးချိုးဖောက်မှုအဆင့်တို့လောက်သာ စစ်တမ်းထုတ်ကြသော်လည်း ယခုအခါ စစ်တမ်းအမျိုးမျိုးထုတ်နိုင်ကြသည်ကို တွေ့ရသည်။
ယင်းသို့အညွှန်းကိန်းစစ်တမ်းများထုတ်ပြန်ကြရာဝယ် ပြီးခဲ့သည့် ရက်ပိုင်းက ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးဆောင်ရွက်မှု ၂ဝ၁၆ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုးတက် ခြင်းနှင့်ပတ်သက်၍ တိုးတက်မှုမြင့်မားခြင်းနှင့် အတိုးတက်ဆုံးနိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ကြားသိလိုက်ရသဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့်များစွာ ကျေနပ်မိပါသည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍတွင် အသွင်ကူးပြောင်း ရေးမတိုင်မီကာလက တိုးတက်မှုမရှိခဲ့သောအခြေအနေမှ ယခုပြောင်းလဲ တိုးတက်လာသောအခြေအနေကို ထင်ဟပ်ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ မပြောင်းလဲပါဟူသော ထင်မြင်ချက်တစ်ခုကို ယခုအညွှန်းကိန်းစစ်တမ်းဖြင့် အပြောင်းအလဲကို သက်သေပြနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။
ယခုအညွှန်းကိန်းစစ်တမ်းသည် အပေါ်ယံအကြမ်းဖျင်းစစ်တမ်းကောက် ယူထားခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေ၊ ပိုင်ဆိုင်မှုများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအထောက်အပံ့ရရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာဆောင်ရွက်နိုင်သူများကို ကာကွယ်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ စာချုပ်စာတမ်းများ အသက်ဝင်မှုရှိခြင်း၊ ပြည်ပကူးသန်းရောင်းဝယ်မှုအခြေအနေနှင့် စီးပွားရေးလုပ်ငန်း စာရင်းရှင်းလင်းဆောင်ရွက်နိုင်ခြင်းဟူသည့် အချက် ၁ဝ ချက် အပေါ်မူတည်ကာ အကဲဖြတ်ထားခြင်းဖြစ်၍ မှန်ကန်ခိုင်မာမှုရှိပေသည်။
ကမ္ဘာပေါ်မှ အကဲဖြတ်နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိသည့်အနက် စီးပွားရေး ကဏ္ဍတွင် မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်က အဆင့် ၁၈၂ ရှိခဲ့သည်။ လေးနှစ် တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နိုင်ခဲ့ခြင်း၏ ရလဒ်အဖြစ် ၂ဝ၁၆ ခုနှစ်အစီရင်ခံစာအရ အဆင့် ၁၆၇ သို့တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၁၅ ဆင့် တိုးတက်လာသည်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။
လက်ရှိဒီမိုကရေစီအစိုးရသက်တမ်းမတိုင်ခင်က ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းများနှင့် ထိတွေ့မှုနည်းပါးခဲ့ပြီး နိုင်ငံတကာ၏ စီးပွားရေးပိတ် ဆို့မှုများစွာဖြင့် နိုင်ငံ့စီးပွားရေးနာလန်ထူရန် အခက်အခဲများနှင့်ရင်ဆိုင် ခဲ့ရသည်။ တစ်နည်းဆိုလျှင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍတွင် စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်မှာ အမှန်ဖြစ်သည်။
ယင်းကို နာလန်ထူရန်နှင့် တိုးတက်မှုအဆင့်တစ်ခု၊ နှစ်ခုမျှရရှိရန်မှာ အလွယ်တကူ ဖြစ်နိုင်မည်မဟုတ်ချေ။ အမှန်တကယ်ပြုပြင်ပြောင်းလဲမှုများကြောင့်သာ တိုးတက်ခဲ့ခြင်းဖြစ်သည်မှာ ငြင်းနိုင်ဖွယ်မရှိချေ။ အာဆီယံ ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် နောက်ဆုံးအဆင့်တွင် ရှိနေသေးသည်မှာ မှန်သော်လည်း ယခုတိုးတက်မှုနှုန်းအရ ၁ဝ နိုင်ငံတွင် ဒုတိယအဆင့် တိုးတက်အောင် ဆောင်ရွက်နိုင်သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းတွင် မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်အစီရင်ခံစာအထိ အဆင့် ၁၈၉ ဖြစ်ခဲ့ရာမှ ယခုနှစ် ၂ဝ၁၆ ခုနှစ် အစီရင်ခံစာတွင် အဆင့် ၁၆ဝ အထိတိုးတက်လာခြင်းသည် အဆင့် ၂၉ ဆင့်သို့ ခုန်ပျံရောက်ရှိခဲ့ခြင်းဖြစ်၍ အာဆီယံတွင် အတိုးတက်ဆုံးနိုင်ငံအဖြစ် အသိအမှတ်ပြုထိုက်ပေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲခဲ့သည်မှာ အမှန်ဖြစ်သည်။ မပြောင်းလဲခြင်းများကို ပြောင်းလဲခြင်းများဖြင့် ကျော်လွှားခဲ့ပြီ။ ရှေ့ဆက်လက်၍ ယခုအောင်မြင်မှုများထက် ဆက်လက်တိုးတက်ပြောင်းလဲအောင်မြင်အောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။
No comments:
Post a Comment