Monday, November 2, 2015

ပျောက်ဆုံးနေသော ကုန်သင်္ဘောဖြစ်ဖွယ်ရှိသည့် သင်္ဘောပျက်ကို အမေရိကန်ရေတပ် ရှာဖွေတွေ့ရှိ




The Mirror Daily's photo.


ဝါရှင်တန် နိုဝင်ဘာ ၁

ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ချိန်ကာလအတွင်း ဘဟားမားကျွန်းကမ်းလွန်၌ ပျောက်ဆုံးသွားခဲ့သည့် ကုန်သင်္ဘောတစ်စင်းအဖြစ် ယူဆရသော သင်္ဘောပျက်ကို အမေရိကန် ရေတပ်သင်္ဘောတစ်စင်းက ရှာဖွေတွေ့ရှိရကြောင်း အမေရိကန်တာဝန်ရှိသူများက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားကြသည်။

အယ်လ်ဖာရို အမည်ရှိ ကုန်သင်္ဘောတစ်စင်းသည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆင် ဗီးလ်မြို့မှ ပွာတိုရီကိုနိုင်ငံသို့ မောင်းနှင်နေချိန်အတွင်း အောက်တိုဘာ ၁ ရက်က ပျောက်ဆုံးသွားခဲ့သည်။ အမေရိကန်အလံ လွှင့်ထူထားသော ယင်းကုန်သင်္ဘောသည် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ အဆိုပါကုန်သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း ၃၃ ဦး လိုက်ပါလာခဲ့သည်ဆို၏။

အမေရိကန်ရေတပ် သင်္ဘောတစ်စင်းဖြစ်သော အပါချီသင်္ဘောမှ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့သည် အယ်လ် ဖာရိုကုန်သင်္ဘော အဆက်အသွယ် မပြတ်တောက်မီ နောက်ဆုံးရောက်ရှိနေသည့် နေရာ၏ နယ်မြေအတွင်း၌ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေရေးအဖွဲ့သည် ဆိုနာ(ခေါ်) အသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသောကိရိယာဖြင့် ပင်လယ်ရေအောက် ပေ ၁၅ဝဝဝ (၄၅၇၂ မီတာ) အနက်၌ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါသင်္ဘောပျက်ကို အတည်ပြုနိုင်ရန် ရေအောက် ငုပ်လျှိုးနိုင်သော ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ဗီဒီယို ကင်မရာဖြင့် မှတ်တမ်းရိုက်ကူးမည်ဖြစ်ပြီး သင်္ဘောခရီးစဉ် မှတ်တမ်းတင်စက်ကို ရှာဖွေမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment