Monday, November 2, 2015

ဂျပန်-တရုတ်-တောင်ကိုရီးယား သုံးပွင့်ဆိုင်အစည်းအဝေး ပြန်လည်ကျင်းပ




The Mirror Daily's photo.
ဆိုးလ် နိုဝင်ဘာ ၁

သုံးနှစ်ခွဲခန့် ကျင်းပခဲ့ခြင်းမရှိသည့် ဂျပန်-တရုတ်- တောင်ကိုရီးယား သုံးပွင့်ဆိုင်အစည်းအဝေးကို ဆိုးလ်မြို့တွင် ပြန်လည်ကျင်းပခဲ့ရာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်ဝန်ကြီးချုပ် လီခချန်းနှင့် တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ခေါင်းဆောင်သုံးဦးက အစည်းအဝေးကို နှစ်စဉ်ပုံမှန် ပြန်လည်ကျင်းပနိုင်ရန်နှင့် လာမည့်နှစ် အစည်းအဝေးကို ဂျပန်နိုင်ငံတွင် ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးသည် သမိုင်းတွင် အရေးပါသည့် အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံသုံးနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် အကျိုးစီးပွား အတွက် အရေးပါသော သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဆိုသည်။

''ကျွန်တော်တို့တွေ ရင်းနှီးပွင့်လင်းစွာနဲ့ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးကြောင့် သုံးနိုင်ငံ ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ပြီဖြစ်တဲ့အတွက် သိသာထင်ရှားတဲ့ အောင်မြင်မှုလို့ပဲဆိုရမှာပါ''ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် သုံးနိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုရှိခြင်းတို့သည် အရေးကြီး သော အခြေခံအုတ်မြစ်တစ်ခုပင်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ် လီခချန်းက ဆိုသည်။ သုံးနိုင်ငံခေါင်းဆောင် များအနေဖြင့် သမိုင်းတွင်ကျန်ရစ်ခဲ့သည့် ကိစ္စရပ်များ အပါအဝင် အရေးပါသောကိစ္စရပ်များကို ပိုမိုအလေးပေး ဆွေးနွေးကြရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သုံးနိုင်ငံခေါင်းဆောင်များက ၎င်းတို့အနေဖြင့် သုံးနိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုဇုန်တစ်ခု တည်ထောင်နိုင်သည်အထိ ဆွေးနွေးပွဲကို အရှိန်အဟုန်မြှင့်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားကြသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အရေးကို တားမြစ်နိုင်ရန်ရည်ရွယ်သည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့်ရုရှား နိုင်ငံတို့ပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲကို ပြန်လည် ကျင်းပနိုင်ရန်လည်း သဘောတူညီခဲ့ကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုဝင်ဘာ ၂ ရက်တွင် သမ္မတပတ်ဂွန်ဟေးနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment