Saturday, November 28, 2015

ရှိုးပွဲတွေဆက်နေဦးမယ့် မန္တလေး




ရုပ်ရှင်သရုပ်ဆောင် စိုးသူ၏ 1 night in MANDALAY ရှိုးပွဲကို လာမည့် နိုဝင်ဘာ ၃ဝ ရက်တွင် သီရိမန္တလာ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သကဲ့သို့ ဒီဇင်ဘာ ၄ ရက်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ၏SAI SAI SHOW 2015 MANDALAY ရှိုးပွဲကိုလည်း မန္တလေးတောင် ရီဆော့ဗ်ဟိုတယ်၌ ကျင်းပဦးမည်ဖြစ်ရာ မန္တလေးမြို့တွင် ရှိုးပွဲများဖြင့် ဝေစည်နေဦးမည်ဖြစ် သည်။



စိုးသူ၏ ရှိုးပွဲဝင်ကြေးမှာ ကျပ် ၅ဝဝဝ၊ ၁ဝဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ၊ ၅ဝဝဝဝ စသည်ဖြင့် သတ်မှတ် ထားပြီး ကျပ် ၅ဝဝဝ တန်မှ ၃ဝဝဝဝ တန်အထိ လက်မှတ် ၁ဝ စောင်ဝယ် လျှင် တစ်စောင်မေတ္တာလက်ဆောင် ရရှိမည်ဖြစ်ကာ ကျပ် ၅ဝဝဝဝ တန် လက်မှတ် ငါးစောင်ဝယ်ယူပါက လက်မှတ်တစ်စောင် အခမဲ့ထပ် ဆောင်း ပေးသွားမည်ဖြစ်သည် ကြောင်း သိရသည်။


လက်မှတ်များကို နိုဝင်ဘာ ၂၃ ရက်မှ စတင်ရောင်းချနေပြီး ယခင်က စိုးသူမှာ မန္တလေးတွင် အခမဲ့ဖျော်ဖြေပွဲလုပ်ခဲ့ဖူးသော်လည်း စတိတ်ခုံအပြင်အဆင် အပါအဝင် ပရိသတ်များကို ချပြချင်သည့် အခြား တင်ဆက်မှုများအတွက်လည်း ကုန်ကျ စရိတ် ချုံ့ခဲ့ရသဖြင့် ယခုကဲ့သို့ ဝင်ကြေးဖြင့် လက်မှတ်များကို ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်း 1 night in MANDALAY ရှိုးပွဲကို ST ဖျော်ဖြေရေးမှ တင်ဆက်သွားမည်ဖြစ်ကာ MRTV-4 မှ ရုပ်သံထုတ်လွှင့်ရေးတွဲဖက်စပွန်ဆာ အဖြစ် တာဝန်ယူထားကြောင်းလည်း စိုးသူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။



365 ဖျော်ဖြေရေးက စီစဉ်သောSAI SAI SHOW 2015 MANDALAY ကြိုတင်လက်မှတ် များကို နိုဝင်ဘာ ၂၉ ရက်မှသာ စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်း မှာ ကျပ် ၁ဝဝဝဝ ဖြစ်သည်။ ယင်း ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်အပြင်Snare၊ နန္ဒစိုင်း၊ ငယ်ငယ်၊ မိစန္ဒီ၊ ဘန်နီဖြိုး၊ ကိကိ၊g fatt၊ စိုးကြီးနှင့် နီနီခင်ဇော်တို့ ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ စိုင်းစိုင်း ခမ်းလှိုင်သည် အဆိုပါဖျော်ဖြေပွဲအပြီး ရှစ်ရက်အကြာတွင်BRAND'S CONCERT ကို ရန်ကုန်မြို့၌ ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကာ လက်မှတ်ဈေးနှုန်းမှာ ကျပ် ၆၅ဝဝ ဖြစ်ကြောင်း သိရသည်။



(မေလဲ့သင်း-ရေးသားသည်)

No comments:

Post a Comment