Friday, November 27, 2015

အာဆီယံ-ဂျပန်လူငယ်များ ချစ်ကြည်ရေးသင်္ဘော ဆိုက်ရောက်



Myanmaalinn's photo.
ရန်ကုန် နိုဝင်ဘာ ၂၆

ဂျပန်အစိုးရ၏စီစဉ်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံ များသို့ လူငယ်များ လှည့်လည်လေ့လာသော သင်္ဘော ခရီးစဉ်သည် ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ ဆိုက်ရောက်သည်။
အဆိုပါခရီးစဉ်တွင် အာဆီယံနှင့် ဂျပန်လူငယ် စုစုပေါင်း ၃၂၃ ဦးပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အဆိုပါခရီးစဉ် သင်္ဘောစတုတ္ထမြောက်ရပ်နားသော နိုင်ငံ ဖြစ်သည်။ ဂျပန်နိုင်ငံမှ နိုဝင်ဘာ ၅ ရက်က စတင်ထွက်ခွာ လာခဲ့သည်။ ခရီးစဉ်တွင် ရက်ပေါင်း ၅၁ ရက် ကြာမြင့် မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ လူငယ် ၂၈ ဦး ပါဝင်သည်။
အဆိုပါ သင်္ဘောခရီးစဉ်၏ ရည်ရွယ်ချက်မှာ လူငယ် အချင်းချင်းအပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်သော ခေါင်းဆောင်စွမ်းရည်ရရှိစေရန်ရည်ရွယ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ခရီးစဉ်ပါလူငယ်များအား Port of Call Country နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်ပေး ခြင်း၊ Homestay အဖြစ် မြန်မာမိသားစုနေအိမ်များ၌ တစ်ညတာ တည်းခိုနေထိုင်ရန် စီစဉ်ထားခြင်း၊ ရန်ကုန်မြို့ တွင်းရှိ အထင်ကရနေရာများ၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ များနှင့် တွေ့ဆုံစကားပြောခြင်း အစီအစဉ်များကို ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
အာဆီယံ-ဂျပန်လူငယ်များ ချစ်ကြည်ရေးခရီးစဉ် သည် ၁၉၇၄ ခုနှစ်မှ စတင်၍ အာဆီယံငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာပြီးနောက် ၁၉၉၈ ခုနှစ်တွင် ချစ်ကြည်ရေးသင်္ဘောခရီးစဉ်စတင်ခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ဂျပန်နိုင်ငံဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိကာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment