Saturday, November 28, 2015

အခွန်တိမ်းရှောင်မှုများ စိစစ်ဖော်ထုတ်သင့်




မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

အခွန်အကောက်များကောက်ခံရာတွင် မကောက်သင့် မကောက်ထိုက်သောသူများထံမှ ကောက်ခံလျှင် ပြည်သူ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကောက်သင့်ကောက်ထိုက် သူများထံမှ မကောက်ခံလျှင်လည်း ပြည်သူလူထုကို ထိခိုက် နစ်နာစေနိုင်ပါသည်။

ဆိုလိုသည်မှာ ကောက်သင့်ကောက်ထိုက် သောသူများထံမှ အခွန်အကောက်များကို မှန်မှန်ကန်ကန် ကောက်ခံနိုင်ခြင်းမရှိလျှင် တိုင်းပြည်အတွက် ဝင်ငွေကျဆင်း နိုင်ပါသည်။ အခွန်အကောက်များကို အမှန်တကယ် ပေးဆောင် သင့်သည်ဖြစ်သော်လည်း အခွန်မပေးရအောင် နည်းအမျိုးမျိုး ဖြင့်လုပ်ဆောင်နေမှုများရှိနိုင်ပါသည်။ ဤသည်မှာ အခွန် တိမ်းရှောင်ခြင်းပင်ဖြစ်ပါသည်။ တိုင်းပြည်တွင် အခွန် တိမ်းရှောင်သူ များပြားနေလျှင် တိုင်းပြည်၏ ဝင်ငွေစီးပွားကို ဆုတ်ယုတ်ထိခိုက်စေနိုင်ပါသည်။
တိုင်းပြည်၏အနာဂတ်တွင် နိုင်ငံတော်အစိုးရ၏ အသုံး စရိတ်များကို နိုင်ငံတော်ကကောက်ခံရရှိသော အခွန်ဝင်ငွေ အပေါ် ရပ်တည်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရသင့် ရထိုက်သော အခွန်အကောက်များ မှန်မှန်ကန်ကန်ရရှိရန် အရေးကြီးပေသည်။ ထို့ကြောင့်လည်း ၂ဝ၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် နှစ်စဉ်အခွန်အကောက်ဥပဒေ ကို အတည်ပြုပြဋ္ဌာန်းပြီး မူလရှိရင်းစွဲဥပဒေများနှင့် ပေါင်းစပ် ၍ အခွန်ကောက်ခံမှုကို စနစ်တကျဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့နိုင်ငံတွင် ယခုဘဏ္ဍာနှစ် ၂ဝ၁၅-၂ဝ၁၆ ပထမခြောက်လအတွင်း ပြည်ထောင်စု၏ အခွန်ရငွေလျာထား ချက် ငွေကျပ် ၂ဝ၂၇ ဒသမ ၆၄၂ ဘီလီယံဖြစ်ပါသည်။ အမှန် တကယ် အခွန်ကောက်ခံရရှိမှုသည် ငွေကျပ် ၂၃၅၇ ဒသမ ၈ဝ၅ ဘီလီယံဖြစ်သည့်အတွက် မူလရည်မှန်းချက်ထက် ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း သိရ ပါသည်။
ယင်းမှာ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်း အသီးသီးမှ ကောက်ခံသော အခွန်စုစုပေါင်း ၁၈ မျိုးမှ ကောက်ခံ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ယခုအခါ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာစေရန် အတွက် လည်းကောင်း၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက်လည်း ကောင်း အဘက်ဘက်မှ ဖြေလျှော့မှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ဤသို့ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့် အားကောင်းလာစေရန် မြေတောင်မြှောက် အားပေးရမည် ဖြစ်သော်လည်း အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ မှန်မှန်ကန်ကန်ရရှိ အောင် ဆောင်ရွက်ရေးသည်လည်း အရေးကြီးသည့်ကိစ္စတစ်ရပ် သာဖြစ်ပါသည်။ အခွန်အကောက်မှရရှိသော ဝင်ငွေများကို တိုင်းပြည်၏ လမ်းတံတား၊ ကျောင်း၊ ဆေးရုံအစရှိသော အခြေခံ အဆောက်အုံများ တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲလျက်ရှိပါသည်။
အခွန်အကောက်များ မှန်မှန် ကန်ကန် တိုးမြှင့်ရရှိလာမှသာ တိုင်းပြည်၏ဖွံ့ဖြိုးရေးလုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခွန်အကောက်များ မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အခွန်တိမ်းရှောင်နေမှုများကို လည်း စိစစ်ဖော်ထုတ်၍ အခွန်အကောက်များ တိုးမြှင့်ရရှိအောင် အားလုံးက ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။ ။

No comments:

Post a Comment