Saturday, November 28, 2015

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်(မူကြမ်း) စတင်ရေးဆွဲ



The Mirror Daily's photo.
ရန်ကုန် နိုဝင်ဘာ ၂၇
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရေးအတွက် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်(မူကြမ်း)ရေးဆွဲရေးကော်မတီ အစည်းအဝေး(ပထမနေ့)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံငြိမ်းချမ်း ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်အစိုးရအစု အဖွဲ့မှ ဦးခင်ရီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ စိုင်းကျော်ညွန့်တို့က အဖွင့်အမှာစကားပြောကြားကြသည်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း) ရေးဆွဲရေးကော်မတီတွင် နိုင်ငံရေးပါတီအစုအဖွဲ့မှ အတည်ပြုရွေးချယ်ရန် ကျန်ရှိနေသည့် ကိုယ်စားလှယ်ရှစ်ဦးအဖြစ် ဦးစိုင်းကျော်ညွန့်(ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးနိုင်ငံလင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ သူရဦးသက်ဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဒေါက်တာ အေးမောင်(ရခိုင်အမျိုးသားပါတီ)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) ကိုယ်စား ဦးဇိုဇမ်၊ ဦးစောထွန်းအောင်မြင့်နှင့် ဦးငိုင်ဆာ့ခ်(ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)တို့အား ရွေးချယ်နိုင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ''ဒီနေ့ ဆွေးနွေးရာမှာလည်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာပါရှိရမယ့်အချက်အလက်တွေ ဘယ်လို မူဘောင်မျိုးနဲ့ လုပ်ဆောင်ရမလဲဆိုတဲ့ Concept မျိုးကိုလည်း သဘောတူညီနိုင်ပါတယ်။ ဒီနေ့ သုံးဖက်စလုံးဆွေးနွေးတာ အင်မတန်မှ အားကောင်းတယ်။ မျှော်မှန်းထားတဲ့အတိုင်း သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ပထမနေ့ ဆွေးနွေးမှုအပေါ် သုံးသပ်သည်။

ယနေ့ ဆွေးနွေးပွဲတွင် မူဘောင်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး ပထမအပိုင်းတွင် မူဘောင်ရေးဆွဲရေးအခြေခံ အချက် (Concept)များအား ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် မူဘောင်နှင့်ပတ်သက်သည့် အခြေ ခံရမည့် အချက်(၁ဝ)ချက်အဖြစ် နိဒါန်း၊ အခြေခံရ မည့်မူများ၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့်သူ ဦးရေ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း အစရှိသည့် အချက် များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေးလုပ်ငန်းဗဟိုဌာနမှ ဦးအောင်နိုင်ဦးက ''ဒီနေ့ ဆွေးနွေးခဲ့တဲ့ (၁ဝ) ချက်က အားလုံးကို အလွတ် သဘောဆွေးနွေးတာပါ။ UPDJC မှာ နောက်ပိုင်းမှ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့အတွက် ဆွေးနွေးဖို့ အချိန်ပေးရတယ်။ အဓိက ဆွေးနွေး ကြတဲ့အကြောင်းအရာကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်နှယောက်ပါသင့်လဲ။ NCA စာချုပ်ရဲ့ ပုဒ်မ ၂၂ မှာ ပါဝင်တဲ့ အချက်အလက်တွေက အဓိပ္ပာယ်ဖော်ရမယ့်ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ဆွေးနွေးချက် အားလုံးကို ကိုယ့်သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ကို ဒီနေ့ည ပြန်ယူသွားကြပြီး မနက်ဖြန် သုံးဖွဲ့လုံး ပြန်လည်ဆွေးနွေးကြမယ်။ မနက်ဖြန်မှာတော့ မူကြမ်းကို ဘယ်တော့နောက်ဆုံးထားရေးဆွဲမယ်။ ဘယ်အချိန်မှာ အပြီးသတ်ပြီး အတည်ပြုနိုင်မယ် ဆိုတာကိုဆွေးနွေးပါမယ်'' ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)ရေးဆွဲရာတွင် ပထမအချက်အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို NCA အပေါ်အခြေ ခံ၍ ရေးဆွဲမည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြုလွယ်ပြင်လွယ် ဖြစ်နိုင်မည့် Flexible မူဖြင့် ရေးဆွဲမည်။ တတိယ အချက်အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုရေးဆွဲရာတွင် NCA စာချုပ်လက်မှတ် ရေးထိုးပြီးနောက် ရက်ပေါင်း ၆ဝ အတွင်းရေးဆွဲ နိုင်ရန် ကြိုးပမ်းမည်ဟူသည့် အချက်များအပေါ် အခြေခံ၍ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ''နိုင်ငံရေး မူဘောင်က တော်တော်များနေတယ်။ နိုင်ငံရေးပါတီ တွေကလည်း ရေးတယ်။ UNA ကလည်း ရေးတယ်။ NLD ကလည်းရေးတယ်။ ၅၇ ပါတီ အစု အဖွဲ့ကလည်း ရေးတယ်။ အစိုးရဘက်ကလည်း ပြင်ဆင်တာရှိသလို တိုင်းရင်းသားလက်နက်ကိုင် တွေကလည်း ပြင်ဆင်တာရှိတယ်။ ဒါတွေကို တစ်ခုတည်း ပေါင်းစပ်ရင် ဘယ်လိုနည်းနဲ့မှ အချိန်မီ ပြီးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရေးပြီးသား အားလုံးကို ကိုးကားရမယ့် စာတမ်းတွေအဖြစ်နဲ့ပဲ သဘောထားပါမယ်။ သင့်တော်တာကို ယူမယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ သွားမယ့်မူဖြစ်ပါတယ်။ အားလုံး ရေးထားသမျှကိုယူဖို့ မဖြစ်နိုင်လို့ ယနေ့အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတာကို ကျွန်တော်တို့ယူမယ် ဆိုတဲ့သဘောဖြစ်ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် မူဘောင်ရေးဆွဲရေးအခြေခံအချက် (Concept) များအား စတင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော အစုအဖွဲ့ သုံးဖွဲ့မှ ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်(မူကြမ်း)တွင် ပါရှိရမည့်အခန်းများနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်များအတွက် အလွတ်သဘောဆွေးနွေးခဲ့ကြသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသုဝေက ''ဒီမူဘောင်ကို ဘာလို့ရေးဆွဲရလဲဆိုရင် ဒီမူဘောင်နဲ့ သွားရင် ကျွန်တော်တို့တိုင်းပြည် တစ်ခါတည်း ငြိမ်းချမ်းသွားမှာပေါ့။ ဒီနေ့ ဆွေးနွေးမှုကတော့ အောင်မြင်မှုရနေပါတယ်။ ဆက်လက်ပြီးတော့လည်း အောင်မြင်မှုရမှာပါ''ဟု ဆွေးနွေးပွဲအပြီး တွင် သတင်းမီဒီယာများကို ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးမူဘောင်(မူကြမ်း)ရေးဆွဲရန်အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့မှ ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးခင်ရီ၊ MPC မှ အထူးအကြံပေး ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေ တို့အား ရွေးချယ်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC) မှ စောကျော်ညွန့်၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ အထူးအကြံပေး စောထူးထူးလေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေး ပါတီ(ALP)မှ ဒေါ်စောမြရာဇာလင်း၊ ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုမန်းမန်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ခွန်ထွန်းတင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)မှ စိုင်းခွမ်မိန်းတို့ ပါဝင်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ ဒုတိယနေ့ အစည်းအဝေးအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်သည်။
သတင်း - ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
ဓာတ်ပုံ - ဖိုးထောင်

No comments:

Post a Comment