Saturday, November 28, 2015

တရုတ်နှင့်ထိုင်းနိုင်ငံ လေကြောင်းတပ်ဖွဲ့များ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်





The Mirror Daily's photo.


ပေကျင်း နိုဝင်ဘာ ၂၇

တရုတ်နှင့် ထိုင်းနိုင်ငံ လေကြောင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ခဲ့ကြကြောင်း သတင်းများအရ သိရသည်။

'ဖယ်ကွန်စထရိုက်' စစ်ရေးလေ့ကျင့်မှုတွင် လေတပ်ဖွဲ့ အင်အား ၁ဝဝ ခန့်နှင့် တရုတ်ဂျက်လေယာဉ်ခြောက်စင်း ပါဝင်သရုပ်ပြခဲ့သည်။

ထိုင်းနှင့် တရုတ်လေတပ်ဖွဲ့များက ထိုင်းနိုင်ငံ၏ 'ကိုရတ်'တော်ဝင်ထိုင်းလေတပ်အခြေစိုက်စခန်းတွင် လေကြောင်းကျွမ်းကျင်မှုဆိုင်ရာပြကွက်များကို ပူးတွဲပြသခဲ့သည်။ ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန် စစ်တပ်ဖွဲ့က အဆိုပါအခြေစိုက်စခန်းကို အသုံးပြုခဲ့သည်။

ထိုင်းလေသရဲများက ဂျက်လေယာဉ်များဖြင့် ကျွမ်းအလှ ပြကွက်များပြသခဲ့ပြီး တရုတ်ဂျက်လေယာဉ်ခြောက်စင်းက အုပ်စုလိုက်ပျံသန်းသည့်ပြကွက်များ ပြသခဲ့သည်။

ယခုပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေကြောင်းတပ်ဖွဲ့များအကြား ကျွမ်းကျင်မှုစွမ်းပကားတို့ကို အနီးကပ်လေ့လာနိုင်သည့်အပြင် အနာဂတ်အချိန်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပိုမိုအထောက်အကူပြုမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဖွဲ့မှ လေယာဉ်မှူးတစ်ဦးက ဆိုသည်။

လွန်ခဲ့သောနှစ် ဇွန်လက ထိုင်းနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပိုက်မှုကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ရှုတ်ချခဲ့သည်။ စစ်တပ်အာဏာသိမ်းပိုက်ပြီးသည့်နောက် အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံအား စစ်ရေးထောက်ပံ့မှုများကို လျှော့ချပစ်ခဲ့သည်။

ထိုအချိန်မှစပြီး ထိုင်းနိုင်ငံအနေဖြင့်တရုတ်နိုင်ငံ၏ စစ်ရေးထောက်ပံ့မှုများကို ရယူခဲ့သည်။ တရုတ်ရေငုပ် သင်္ဘောတစ်စင်းကို ထိုင်းရေတပ်က ဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။ ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုရင်းနှီးသည့်ဆက်ဆံရေးတစ်ရပ် ပေါ်ထွန်းစေသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment