Saturday, November 28, 2015

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာရန်ပုံငွေ ဒေါ်လာ ၁ဝ ဘီလီယံကျော် ဂျပန်ထောက်ပံ့ပေးမည်




The Mirror Daily's photo.


တိုကျို နိုဝင်ဘာ ၂၇

ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ကျင်းပရန်ရှိနေစဉ် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာရန်ပုံငွေ ယန်းငွေ ၁ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၁ဝ ဒသမ ၆ ဘီလီယံ)ထောက်ပံ့ပေးမည်ဟု ဂျပန်နိုင်ငံက ထုတ်ပြန်ကြေညာလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဂျပန်နိုင်ငံသည် ကနဦးအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ ရန်ပုံငွေ ယန်းတစ်ထရီလီယံ (ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ) ထောက်ပံ့ပေးမည်ဟု ကတိကဝတ်ပြုခဲ့သည်။ သို့ရာတွင် ဂျပန်နိုင်ငံသည် အစီအစဉ်သစ်အရ ရန်ပုံငွေတိုးမြှင့်ပေးရန် ကြေညာခြင်းဖြစ်သည်။

ကမ္ဘာ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေကြေးထောက်ပံ့ပေးမှု တိုးတက်ဖြစ်ပေါ်လာစေရန် ဂျပန်နိုင်ငံ၏ လုပ်ဆောင်ချက်က တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ယခုအချိန်ထိ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ ငွေကြေးအကူအညီမှာ လျာထားချက်ကိုပြည့်မီခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။

ရာသီဥတုဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့ရေးအတွက် အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဟု ဂျပန်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျိုဒို။

No comments:

Post a Comment