Saturday, November 28, 2015

နျူလက်နက်ထိပ်ဖူး သယ်ဆောင်နိုင်သည့် ပရစ်သဗီ-၂ ဒုံးကျည် စမ်းသပ်မှုအောင်မြင်




The Mirror Daily's photo.


နယူးဒေလီ နိုဝင်ဘာ ၂၇

အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ထုတ်လုပ်သည့် ပရစ်သဗီ-၂ အမျိုးအစားဒုံးကျည်ကို နိုဝင်ဘာ ၂၆ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း၊ ယင်းဒုံးကျည်ကို နိုင်ငံအရှေ့ပိုင်း သြရိဿပြည်နယ်ရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းများ၌ ဖော်ပြသည်။

အကွာအဝေးကီလိုမီတာ ၃၅ဝ အထိ ပစ်ခတ်နိုင်သော မြေပြင်မှမြေပြင်ပစ်ဒုံးကျည်သည် ကီလိုဂရမ် ၁ဝဝဝ အလေးချိန်ရှိ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သည်။

အိန္ဒိယကြည်းတပ်က စမ်းသပ်ပစ်ခတ်ခဲ့သည့် ပရစ် သဗီ-၂ ဒုံးကျည်တွင် အင်ဂျင်နှစ်လုံးပါရှိပြီး ၎င်းအင်ဂျင်များ မောင်းနှင်ရန် လောင်စာအရည်ကို အသုံးပြုသည်။ ၎င်းဒုံးကျည်တွင် ခေတ်မီသော တိကျပဲ့ထိန်းလမ်းညွှန်စနစ်ကို အသုံးပြုထားပြီး ပစ်မှတ်များကို နည်းဗျူဟာမြောက်စွာ ထိမှန်စေနိုင်သည်ဟု သတင်းတွင် ဖော်ပြသည်။

ပရစ်သဗီ-၂ အမျိုးအစားဒုံးကျည်အား အိန္ဒိယအစိုးရပိုင် ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့များတွင် ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။

ယင်းဒုံးကျည်အား ယခုနှစ် ဖေဖော်ဝါရီလအတွင်းက နောက်ဆုံးအကြိမ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်။ ယင်းစမ်းသပ်ပစ်ခတ်မှုအား သြရိဿပြည်နယ်ရှိ စစ်ဘက်အခြေစိုက်စခန်း၌ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment