Saturday, November 28, 2015

မရမ်းကုန်းမြို့နယ်၌ ဂျပန်စတိုင်ဟိုတယ်ဖွင့်




The Mirror Daily's photo.

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဟိုတယ်ပေါင်း ၃၂၁ လုံး၊ အခန်းပေါင်း ၁၅၃၂၁ခန်းရှိပြီး ရန်ကုန်လေဆိပ်မှ နိုင်ငံခြားသားဧည့်သည် ၃ဝဝဝ ကျော် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ သီလဝါအထူးစီးပွားရေး ဇုန်ဖွင့်လှစ်နိုင်မှုနှင့်အတူ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကလည်း ပိုမိုဝင်ရောက်လျက်ရှိရာ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဟိုတယ်ခရီးသွားလာရေးဝန်ကြီး ဦးစိုးမင်းက ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် ၅၁-D ရှိ ရှင်ရဲထွဋှ် SUPER HOTEL ဖွင့်ပွဲ ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှင်ရဲထွဋ် SUPER HOTEL သည် BUSINESS HOTEL ဖြစ်ပြီး အထပ်ပေါင်း ၁၂ ထပ်ခွဲနှင့် အခန်းပေါင်း ၇၆ ခန်းဖြင့် ဖွဲ့စည်းထားသည်။ ထူးခြားမှုမှာ ဂျပန် ဓလေ့ရိုးရာ ရေပူရေအေးကန်များ၊ ဂျပန်စတိုင် သီးသန့်ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။


ဂျပန်သံရုံးမှ ဒုတိယသံအမတ်ကြီး Mr.MARUYAMA ICHIRO က ယခုလိုအရေးကြီးသည့် အချိန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အစွမ်းကုန်မြှင့်တင်ပေးဖို့ ကြိုးစားဆောင်ရွက်နေသလို ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲလိုခြင်းကြောင့် ပါဝင်ခွင့်ရသည်ကို ဝမ်းသာပါကြောင်း၊ မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ တရားမျှတစွာ ကျင်းပပေးခဲ့သည်ကို တွေ့မြင်ရ၍ ဂျပန်နိုင်ငံအနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

ရှင်ရဲထွဋ် ဥက္ကဋ္ဌ ဦးရဲထွဋ်က ''ဂျပန်ကုမ္ပဏီကြီးတွေက သီလဝါ အထူးစီးပွားရေးဇုန်ကို စိတ်ဝင်စားသလို ဂျပန်လုပ်ငန်းရှင်တွေကလည်း ဟိုတယ်အသေးစားလေးတွေ၊ စားသောက်ဆိုင်၊ ခရီးသွား၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လာရောက်ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဒါကို ကျွန်တော်တို့က ပေါင်းကူးပေး မယ်''ဟု ဆိုသည်။

SUPER HOTEL Co.,Ltd. ဥက္ကဋ္ဌ Mr.Takao Yamamura က ''ဂျပန်နိုင်ငံတွင် အဆိုပါ SUPER HOTEL ပေါင်း ၁၁၁ ခုရှိပြီး ပြည်ပတွင် လေးခုဖွင့်လှစ်ထားကြောင်း၊ အနာဂတ်တွင် မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးနိုင်သော်လည်း မြန်မာနိုင်ငံအကြောင်းကို ပိုမိုသိရှိစေရန် မီဒီယာများက လုပ်ဆောင်ပေးရန်လိုကြောင်းနှင့် ဖွံ့ဖြိုးမှုနှင့်အတူ စိမ်းလန်းစိုပြည်မှုကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း'' အကြံပြုပြောကြားသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနှုန်းမှာ ၂ဝ၁၁ ခုနှစ်တွင် ၈ ဒသမ ၁၈ သိန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ဝ၅ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် စံချိန်တင်သမိုင်းဝင်အဖြစ် နိုင်ငံတကာခရီးသွား ၂ ဒသမ ဝ၄ သန်း အထိ ဝင်ရောက်မှုရှိခဲ့ပြီး တိုးတက်မှု ၉၃ ဒသမ ဝ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂ဝ၁၄ ခုနှစ် တွင် ၃ ဒသမ ၈ သန်း ဝင်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ငါးသန်းကျော် ဝင်ရောက်နိုင်ရန် မျှော်မှန်းထားရာ စက်တင်ဘာလအထိ ၃ ဒသမ ၇သန်း ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဌေးအောင်
ဓာတ်ပုံ - ခင်မောင်ဝင်း

No comments:

Post a Comment